အေးချမ်းသာယာရွှေသန္တာမှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday, 7 September 2012

နှလုံးသားမှာ ကျသောမျက်ရည်

ဗုဒ္ဓ၏ နေရာဌာနများနှင့် ပြည့်နှက်နေသော အိန္ဒိယနိုင်ငံသည် မြန်မာဘုန်းတော်ကြီးကျောင်း အများဆုံး နိုင်ငံခြားတိုင်းပြည်တစ်ပြည်လည်း ဖြစ်သည်။ မြန်မာဆရာတော်ကြီးများ၏ မေတ္တာရိပ်ကို ခိုလှုံခွင့်ရကြသဖြင့် တက္ကသိုလ်ကျောင်းသား ရဟန်းတော်များနှင့် ဘုရားဖူးဧည့်သည်များမှာ တနှစ်ထက်တနှစ် ပို၍များပြားလာသည်။ လောကီလောကုတ္တရာ ပညာတတ်သာသနာပြုဆရာတော်ကြီးများ မြတ်ဗုဒ္ဓ၏ အလိုတော်အရ သာသနာပြုဒေသစာရီ ထွက်တော်မူနေကြသည်မှာ မြတ်ဗုဒ္ဓ၏ သာသနာတော်တည်တံ့ရေး၊ ထွန်းကားပြန့်ပွါးရေး၊
သာသနာ့အောင်လံစိုက်ထူနိုင်ရေးအတွက် လွန်စွာအားရဖွယ်ကောင်းလှသည်။ ဆရာတော်ကြီးများ၏ မေတ္တာရိပ်ကို ခိုလှုံခွင့်ရကြသော တက္ကသိုလ် ကျောင်းသား ရဟန်းတော်များနှင့် ဘုရားဖူးဧည့်သည်များမှာ စာပေကို ကောင်းစွာ လေ့လာသင်ယူနိုင်၏။ စိတ်ချမ်းသာစွာဖြင့် ဘုရားဖူးသွားလာနိုင်ကြ၏။
ထို့ကြောင့် အိန္ဒိယနိုင်ငံသည် မြန်မာ့အငွေ့အသက်မေတ္တာဓာတ်ကို ခိုလှုံခွင့် အရဆုံးနိုင်ငံဟု ခေါ်ဆိုနိုင်သလို မြန်မာရဟန်းတော်များ ပညာသင်ခွင့်ရသော တက္ကသိုလ်အများဆုံး နိုင်ငံဟုလည်း ခေါ်ဆိုနိုင်၏။ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြသော ကျောင်းသားဟောင်းကြီးများက ကျောင်းသားသစ်များအတွက် ကျောင်းသွင်းပေးခြင်း၊ ထိုကျောင်းသားရောက်လာလျင်လည်း နေရာထိုင်ခင်း လျှောက်ထားပေခြင်းနှင့် သက်ဆိုင်ရာရုံးကို သွားပြီး stay permit လျှောက်ထားပေးခြင်း စသောကိစ္စ အဝဝကို အပင်ပန်းခံပြီး ကိုယ်ကျိုးစွန့်ကာ ဆောင်ရွက်ပေးလေ့ရှိကြ၏။ တခြားဘုရားဖူး ဧည့်သည်များကိုလည်း အခါအားလျှော်စွာ လိုအပ်သလို ကူညီပေးကြရ၏။ တစ်ဦးတစ်ယောက်အနေဖြင့် ကူညီ၍ မရသော ကိစ္စများကို ဝိုင်းဝန်း၍ ကူညီဆောင်ရွက်ပေးတတ်ကြ၏။
ထိုကဲ့သို့ အချင်းချင်း ကူညီလိုသောစိတ်ဓာတ်၊ ကိုယ်ချင်းစာတရားပြည့်ဝသော စိတ်ဓာတ်နှင့် ဗြဟ္မစိုရ်တရား လွှမ်းခြုံထားသော စိတ်ဓာတ်သည် ဗုဒ္ဓဘာသာ မြန်မာတို့၏ မွေးရာပါ အရိုးစွဲအမွေအနှစ်တစ်ခုပင် ဖြစ်၏။  ကမ္ဘာပေါ်ရှိလူသားတိုင်းသည်လည်း ကျွန်ုပ်တို့ မြန်မာများ ကဲ့သို့ပင် ကိုယ်ချင်းစာစိတ်၊ တစ်ဖက်သားအပေါ်မှာ ကူညီလိုစိတ်ရှိကြမည် ဖြစ်၏။ တစ်နည်းအားဖြင့် ဆိုသော် နှလုံးသားရှိတဲ့လူသားတိုင်း စာနာထောက်ထားမှု၊ မျှဝေခံစားတတ်မှု ရှိတတ်ကြသည်။  မိမိမှာသော်လည်းကောင်း၊ ပတ်ဝန်းကျင်မှာသော်လည်းကောင်း အောင်မြင်မှု အဆင်ပြေမှုများကို ခံစားရသောအခါ ဝမ်းမြောက်မှုပီတိ သောမနဿဖြစ်ကြရသလို၊ အဆင်မပြေမှု၊ ရှူံးနိမ့်မှုများနှင့် ရင်ဆိုကြရသောအခါ၌လည်း ဒေါမနဿဝေဒနာကို ဒုက္ခကြီးစွာခံစားကြရတတ်၏။ တစ်ခါတလေ ရုပ်ရှင်ဗွီဒီယို ဇာတ်ကားများထဲက ပျော်ရွှင်မှု၊ ဝမ်းနည်းကြွေကွဲမှုများသည်ပင် ကျွန်ုပ်တို့ရင်ထဲသို့ ကူးစက်လာတတ်၏။  ထို့ကြောင့် နှလုံးသားရှိသော လူသားတိုင်းတွင် ကိုယ်ချင်းစာတရားရှိကြသည်ဟု ဆိုလျှင် လွန်မည်မထင်။  လူသားအချင်းချင်း ကိုယ်ချင်းစာနာမှု (ဝါ) ကူညီရိုင်းပင်းမှု များပြားလာလေလေ ကမ္ဘာကြီး ငြိမ်းချမ်းလာလေလေ ဖြစ်မည်။
ထိုသို့မဟုတ်ဘဲ လူသားအချင်းချင်း ကိုယ်ချင်းစာနာမှု (ဝါ) ကူညီရိုင်းပင်းမှု နည်းပါးလာလေလေ ကမ္ဘာကြီး ဆူပူသောင်းကျန်းမှု များပြားလာလေလေ ဖြစ်လာမည် ဖြစ်သည်။ လူသားတို့၏ ဘဝကို ပျက်စီးဆုံးရှုံးစေနိုင်သော သဘာဝဘေး အန္တရာယ်များ မမျှော်လင့်ဘဲ တစ်နေရာရာ၌ ကျရောက်သွားပါကလည်း ကျန်နိုင်ငံများက လိုအပ်သလို ဝိုင်းကူပေးတတ်ကြသည်ကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်နေကြရ၏။  ထို့ကြောင့် တခြားနိုင်ငံသားများသည်လည်း မြန်မာတို့လောက် ဗြဟ္မစိုရ်တရားများ မရှိဟု ဆိုသော်လည်း လူသားတိုင်းမှာ ကူညီလိုစိတ် လူသားချင်း ကိုယ်ချင်းစာစိတ် ရှိသည်ကိုတော့ ငြင်းဆန်၍ မရနိုင်ပါ။  လောကီလူသား လူဝတ်ကြောင် များသည်ပင် ထိုမျှလောက် ကူညီလိုစိတ် ရှိကြလျှင် ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းတော်များ(ဝါ) မြတ်ဗုဒ္ဓ၏ ဓမ္မအခိုးအငွေ့များနှင့်ပြည့်နှက်နေသော နှလုံးသားပိုင်ရှင် ဘုန်းတော်ကြီးများမှာကား ဆိုဖွယ်ရာမရှိ လွန်စွာများပြားပေလိမ့်မည်။  ထိုကဲ့သို့ တစ်ဖက်သား အပေါ် ကူညီလိုစိတ်၊ ကိုယ်ချင်းစာစိတ်၊ ပရဟိတစိတ်၊ ကိုယ်ကျိုးစွန့်လိုသောစိတ်၊ အခွင့်အရေးမယူလိုသော စိတ်၊ အနစ်နာခံလိုစိတ် ရှိသောသူများကို မြင့်မြတ်သော စိတ်ထားပိုင်ရှင် နှလုံးသားလှပသော လူများဟု ခေါ်ဆိုနိုင်ပါသည်။  လောက၌ နှလုံးသားလှပသော သူများကသာ လောကကောင်းကျိုးကို စွမ်းဆောင်နိုင်ပါသည်။ နှလုံးသားလှပသော လူသားများ များလာလေလေ လူ့လောကကြီး အဆင့်အတန်းမြင့်မားလာလေလေ ဖြစ်မည်။
ထိုကဲ့သို့ ဓမ္မအခိုးအငွေ့များနှင့် ပြည့်နှက်နေသော မြင့်မြတ်သော နှလုံးသားပိုင်ရှင် ဆရာတော်ကြီးများရှိရာ အိန္ဒိယနိုင်ငံတွင် တက္ကသိုလ်ပညာ သင်နေကြသော မြန်မာရဟန်းငယ်များ ယနေ့ခေတ်ဆိုလျှင် လေးရာခန့်လောက် ရှိမည်ထင်ပါသည်။  ထိုအထဲတွင် မဂဓတက္ကသိုလ်တွင် ပညာသင်ကြားနေကြသော အဆောင်နေ ရဟန်းတော်များသည် တစ်ခြားကျောင်းက ကျောင်းသားများထက် အခက်အခဲကို ပို၍ ရင်ဆိုင်ကြရသည်ဟု ထင်ပါသည်။ မှန်၏။ မဂဓတက္ကသိုလ်တွင် M.A တန်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးလျင် ဗီဇာရှိသေးသော်လည်း အဆောင်နေခွင့် မရတော့ပါ။  အပြင်မှာ အခန်းငှားပြီး အောင်စာရင်းစောင့်ရသည်။ Ph.D ဝင်ခွင့်အတွက် ပြင်ဆင်ရသည်။ ပိုဆိုးသည်မှာ တစ်ခါတရံ အဆောင်ကို သန့်ရှင်းရေးလုပ်မည်ဟု အကြောင်းပြကာ အဆောင်နေ ကျောင်းသားများကို ပြောင်းရွှေ့ခိုင်းပင် ဖြစ်သည်။  ထိုပြဿနာကို ၂၀၀၈ ခုနှစ် ဇွန်လမှာ မဂဓကျောင်းသားများ အလူးအလဲခံကြရသည်။ တချို့ကျောင်းသားများမှာ နေစရာအတွက် ပူစရာမလိုသော်လည်း ကျောင်းသားအများစုမှာ အပြင်မှာ အခန်းငှားရန်အတွက် ငွေကြေးမပြည့်စုံမှုနှင့် ရင်ဆိုင်ခဲ့ကြရသည်။ အဆောင်မှာ နေတုန်းက စားစရိတ်နှင့် ကျောင်းစရိတ်လောက်ကိုသာ ပူပန်ကြရသော်လည်း အပြင်မှာတော့ ဈေးနှိမ်ထားတဲ့ အခန်းခအတွက်ပါ ပူပန်ကြရတော့သည်။
ထိုကဲ့သို့ မဂဓကျောင်းသား ညီတော် နောင်တော်များ အခက်အခဲပေါင်းစုံကို ခံစားနေကြရသည်ကို မြင်ရကြားရခြင်းဖြင့် ကျွန်ုပ်ရင်မှာလည်း ပုထုဇဉ်ပီပီ မီးတောက်သလို ခံစားခဲ့ရပါသည်။ သို့သော် ကျွန်ုပ် ကိုယ်တိုင်ကလည်း အဆောင်နေ ဘဝတူကျောင်းသား ဖြစ်သဖြင့် အပြုံးနှင့် အားပေးစကား ပြောရုံမှ အပ ဘာမှ မကူညီနိုင်ခဲ့သည်ကို  တွေးမိတိုင်း ရင်နာမိပါသည်။  ညီတော် နောင်တော်များကို ဘာမှ မကူညီနိုင်ခဲ့ပါလား ဆိုတဲ့ အတွေးနှင့် မျက်နှာမှာ အပြုံးရှိသော်လည်း  ရင်ထဲက နှလုံးသားမှာ မချိမခံသာအောင် တိတ်တခိုးနဲ့ ကြိတ်မှိတ်ခံစားနေခဲ့ရပါတော့သည်။  မျက်လုံးက စီးကျခွင့် မရသော မျက်ရည်ပူများက နှလုံးသားမှာ စီးကျနေခဲ့၏။  ကျွန်ုပ်ကိုယ်တိုင် အပြင်မှာ အခန်းငှားပြီး မနေဖူးသော်လည်း  ရင်ထဲက ကိုယ်ချင်းစာ နှလုံးသားဖြင့် ညီတော် နောင်တော်များ၏ အခက်အခံကို မျှဝေခံစားပေးနိုင်ပါသည်။
ထိုကြောင့် နောက်နောင် မည်သည့် အခက်အခဲ ပြဿနာကိုမျှ မမြင်ရ၊ မကြားရ၊ မခံစားကြရပါစေနှင့်လို့ ဘုရားဆီမှာ ဆုတောင်းအလီလီပြုခဲ့ပါသည်။ နီစပ်သော ညီတော် နောင်တော် တစ်ချို့ကို နာလန္ဒာမှာ လာနေကြရန် စာနာစိတ်နဲ့ခေါ်သော်လည်း ဘဝတူ ကျောင်းသားချင်းမို့ အားနာကြသည် ထင်၏ တာရှည်လများ မနေကြပဲ ခဏတဖြုတ်သာ လာနေကြပြီး ပြန်သွားကြသည်။ နှလုံးသားရှိတဲ့ လူသားတိုင်း စာနာစိတ်ရှိသည်၊ ကိုယ်ချင်းစာစိတ် ရှိသည်ဟု ဆိုသော်လည်း ထိုအချိန်က မဂဓကျောင်းသားများ၏ အပြင်မှာ အ ခန်းငှားနေရသော အခက်အခဲကို မည်သူတစ်ဦးတစ်ယောက်မှ ကူညီဖြေရှင်းမပေးနိုင်ခဲ့ပါ။  ထို့အတွက် ကျွန်ုပ်၏ နှလုံးသားများက စီးကျနေသော မျက်ရည်စများကိုလည်း မည်သူကမှ မသုတ်ပေးနိုင်ခဲ့ကြပါ။  ထိုကဲ့သို့ မိဘမဲ့သား ရေနည်းငါးပမာ အခက်အခဲ မျိုးစုံကို အပြုံးမာန်နှင့် အမုန်းဆုံး ရင်ဆိုင်ခဲ့ကြရသော ကျွန်ုပ်တို့ ကျောင်းသားများသည် ကမ္ဘာ့သာသနာပြု အကျော် သာသနာ့အာဇာနည် ဆရာတော် ဦးစန္ဒြမဏိ၏ မျိုးဆက် သာသနာပြုဆရာတော်ကြီးများ၏ သြဝါဒကို ခံယူပြီး ၂၀၁၀ ပြည့်နှစ်တွင် ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်းကို တည်ထောင်ခဲ့ကြသည်။
ထို့ကြောင့် ယခုအချိန်တွင် အိန္ဒိယနိုင်ငံသို့ ပညာသင်ရန် ရောက်ရှိလာကြသော ဦးစန္ဒြမဏိ မျိုးဆက်သစ် တက္ကသိုလ်ကျောင်းသား ရဟန်းငယ်များကို ဦးစန္ဒြမဏိကျောင်းသားများ အသင်းက လက်ကမ်းကြိုဆိုနေ၏။ အမှောင်ညမှာ လမ်းလျောက်၍ လမ်းပျောက်သည်ကို အလင်းရောင်ပေးသကဲ့သို့လည်းကောင်း၊ နွေကန္တာမှာ လမ်းလျောက်သူက စမ်းရေအိုင်ကို မြင်ရသကဲ့သို့လည်းကောင်း၊ ခရီးဝေးက ပြန်ရောက်လာသော သားငယ်ကို အမေက ကြိုဆိုနေသကဲ့သို့လည်းကောင်း ကျွန်ုပ်တို့လို ဘဝတူကျောင်းသားများကို ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်းက နွေးထွေးစွာ ကြိုဆိုနေလေပြီ။
မမျှော်လင့်ပဲ ကျရောက်လာတတ်သော ထိုကဲ့သို့သော ပြဿနာများကို ဤအသင်းက ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ မဂဓတက္ကသိုလ်က ညီတော် နောင်တော်များအတွက် ကျွန်ုပ်၏ နှလုံးသားမှ ယိုစိမ့်ခဲ့ရသော မျက်ရည်စက်များကို ဗြဟ္မစိုရ်တရားလွှမ်းခြုံထားသော ပရဟိတလက်ဖြင့် မေတ္တာပုဝါကို ကိုင်ကာ သုတ်ပေးနိုင်ကြလိမ့်မည်ဟုလည်း မျှော်လင့်မိပါတော့သည်။
တင်ပြသူ= နာလန္ဒာသောတုဇန
ဤနေရာမှကူးယူဖော်ပြပါသည်။www.ucmswt.org

Template by:

Free Blog Templates