“မင်းမှာသစ္စာ၊ လူမျာကတိ” ဟူသောစကားအရ ကတိနှင့် သစ္စာသည် အလွန်ပင်အရေးပါ၏။ ကတိသစ္စာတည်မြဲသော အခါ လူအချင်းချင်းတို့သည် စိတ်ချမ်းသားမှု၊ ကိုယ်ချမ်းသာမှုတို့ကို ရကြ၏။ စီပွားရေး၊ လူမှုရေး၊ ဘာသာရေး စသော လူ့အဖွဲ့အစည်းများအတွက်လည်း ကြီးပွားတိုးတက်ခြင်းကို ရနိင်၏။ လူသည်တစ်ယောက်တည်း မနေနိုင်သော သတ္တဝါဖြစ်သည့် အတိုင်း တူရာတူရာ သင့်ရာသင့်ရာ အဖွဲ့နှင့် အုပ်စုနှင့် နေတတ်ကြ၏။ အ ချင်းချင်း ကတိသစ္စာတို့ကိုလည်း ထားတ်ကြသည်။
ထိုကဲ့သို့ ကတိသစ္စာကို ထားတတ်ကြသလို ဖျက်လည်းဖျက်တတ်ကြ၏။ ယင်းသို့ဖျက်ရာတွင် မိမိ၏အားသာချက်နှင့် သူတစ်ပါးတို့ အားနည်းချက်ကို မြင်၍လည်းကောင်း ၊ မိမိကအသာရလိုမှုနှင့် တပါးသူတို့အား ရှူံးနိမ့်စေလိုမှုကြောင်းလည်းကောင်း၊ ဘယ်သူသေသေ ငတေမာရင် ပြီးရောဟူသော စိတ်နေသဘောထားဖြင့်လည်းကောင်း ဖျက်တတ်ချိုးဖောက်တတ်ကြ၏။ မိမိနှင့် သူတပါးတို့ အားနည်းချက် အားသာချက်တို့ကို ချိန်ဆကြည့်သောအခါ မိမိက သာနေလျှင် ယင်းကိုစွဲ၍ ငါဆိုသော အတ္တဝါဒက ကြီးစိုးလာ၏။
ငါသိ ငါတတ် ငါမြင် လုပ်လိုသော မာနက လမ်းပြလာ၏။ ထိုသို့ အတ္တမာနစွဲ လွန်ကဲလာလျှင် “ကတိသစ္စာ” တရားများကို အိပ်မက်တောင် မမြင်မက်တော့ပေ။ သူနှင့်ဆက်နွယ်နေသော အဖွဲ့စည်း အုပ်စုတို့သည်လည်း ပျက်စီးရာဘက်သို့သာ ဦးတည်လာ၏။ ပျက်စီးခဲ့ရသော အဖွဲ့အစည်းတို့လည်း များစွာပင်ရှိ၏။ ထိုသို့ဖြစ်ပျက်ခဲ့ပြီးသော အဖွဲ့အစည်းတို့အနက် ဗုဒ္ဓ၏ ဒေသနာထဲမှ အဖွဲ့စည်းတခုကို မှန်းဆကြည့်မိပါ၏။
သူတို့အဖွဲ့တွင် လူသုံးဦးမျှသာ ပါဝင်သော အဖွဲ့ငယ်လေးဖြစ်၏။ အရေအတွက် နည်းပါးသော်လည်း အရေအသွေးအားဖြင့် တောက်ပြောင်လွန်းသော အဖွဲ့ဖြစ်၏။ အဖွဲ့ဝင်တို့မှာ ၁။ မလ္လာတိုင်းမှာ မလ္လမင်းကြီး၏ သားတော် ဗန္ဓုလ ၂။ ကောသလတိုင်းမှ ပသေနဒီကောသလမင်းကြီး၏သားတော် ကောသလ ၃။ ဝေသာလီပြည်မှ လစ္ဆဝီမင်းသား မဟာလိတို့ ဖြစ်ကြ၏။ သူတို့သည် တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံတွင် ပညာသင်ရင်း တွေ့ဆုံကြသော သူငယ်ချင်းများဖြစ်သည်။
သူတို့သင်ယူလေ့လာနေသော ပညာရပ်များမှာ ၁။ သုတိ-အကြားအမြင်အတတ်။ ၂။ သမ္မုတိ- တရားပိုင်းဆိုင်ရာ ဓမ္မသတ်အတတ်။ ၃။ သင်္ချာ ကိန်းဂဏန်း တွက်ချက်ခြင်းအတတ်။ ၄။ ယောဂါ- တံစည်း ဆူး ဆောက် အတတ်။ ၅။ နီတိ- နီတိကျမ်းအတတ်။ ၆။ ဝိသေသကာ- ယတြာ ဓါတ်ရိုက် ဓါတ်ဆင်အတတ်။ ၇။ ဂန္ဓဗ္ဗါ- စောင်းညှင်း တီးခတ်မှုအတတ်။ ၈။ ဂဏိကာ- လက်ဆစ်ချိုးအတတ်။ ၉။ ဓနုဗေဒ- လေးမြှားပစ်ခတ်မှုအတတ်။ ၁၀။ ပုရာဏာ- ရှေးဟောင်းစကားကို ပြောဆိုတတ်သော အတတ်။ ၁၁။ တိကိစ္ဆက- ဆေးအမျိုးမျိုးအတတ်။ ၁၂။ ဣတိဟာသ- ရယ်ရွှင်မှု ဟာသအတတ်။ ၁၃။ ဇောတိ- ဗေဒင်အတတ်။ ၁၄။ မာယာ- လှည့်ပတ်မှု ဖြားယောင်းမှုအတတ်။ ၁၅။ ဆန္ဒတိ- ဆန်းကျမ်းတွက်ချက်ခြင်းအတတ်။ ၁၆။ ကေတု- သံတမန်အတတ်။ ၁၇။ မန္တာ- မန္တရားမန်းမှုတ်မှုအတတ်။ ၁၈။ သဒ္ဒါ- သဒ္ဒါကျမ်းအတတ်တို့ဖြစ်သည်။ ၄င်းတိုကို ထိုခေတ်အခါက တစ်ဆယ့်ရှစ်ပါးသော ပညာရပ်များဟု ခေါ်၏။ ဤပညာရပ်များကို လေ့လာဆည်းပူးရင်း တစ်ယောက်ကို တစ်ယောက် ညီအစ်ကို အရင်းချာလိုလည်း ချစ်ခင်နေခဲ့ကြ၏။
ပညာစုံ၍ အိမ်ပြန်ချိန်နီးသော တစ်နေတွင် သုံးယောက်လုံးသဘောတူညီချက်ဖြင့် ကတိစကားတစ်ခုကို ထားခဲ့ကြသည်။ ထိုကတိမှာ “ ငါတို့(၃)ဦးထဲမှ တစ်ယောက်ယောက်တွင် အခက်အခဲ တစ်ခုခုကြုံလာသော် ထိုအခက်အခဲကို ကျန်(၂)ယောက်က အားပေးပြောကြားရမည်။ အပြောခံရသူ နှစ်ယောက်ကလည်း ငြင်းပယ် ကန့်ကွက်မှုမရှိဘဲ ကူညီစောင့်ရမည်”ဟူ၍ဖြစ်၏။ ကတိစကားပြုပြီးနောက် သူငယ်ချင်း(၃) ယောက်တို့ လက်ပြနှုတ်ဆက်ပြီး ကိုယ်စီကိုယ်စီ လမ်းခွဲလာခဲ့ကြသည်။ မိမိတို့ တိုင်းပြည်သို့ ရောက်သောအခါ သူတို့၏ အစွမ်းအစများကို တိုင်းသူပြည်သားများအား ပြသရမည့်အချိန်ရောက်လာ၏၊ အဋ္ဌရသ (၁၈)ရပ်လုံးကိုကားမဟုတ်၊ အားသန်ရာတစ်ခုခုကိုသာ ပြသရမည် ဖြစ်၏။ မှန်၏။
လူတို့သည် သင်ယူလေ့လာမှုဆိုင်ရာ၌ မိမိတို့ ဝါသနာဗီဇအရ အာရုံပြုမှု အားသန်ရာကိုသာ တတ်ကျွမ်းကြ၏။ အလုံးစုံကို တတ်မြောက်ဖို့ကား မလွယ်ကူနိုင်။ သူတို့(၃)ယောက်တွင်လည်း ဗန္ဓုလက ဓားအတတ်၊ လေးအတတ်ကိုကျွမ်းကျင်၏။ ထို့အတူ ကောသလက မာယာ-လှည့်ဖြားမှုအတတ်ကို ကျွမ်းကျင်၏။ မဟာလိက သုတိ- အကြား အမြင်နှင့် ဝိသေသကာ- ယာယီယတြာအတတ် တို့ကို ကျွမ်းကျင်၏။ ပြည်သူပြည်သားများကလည်း နားလည်၏။ သို့သော် သူတို့သည်ကား အတော်ဆုံး၊ အတတ်ဆုံး၊ အသာဆုံးဟူသော ဂုဏ်ကို မျှော်လင့်တတ်ကြ၏။ အထူးသဖြင့် မိမိတို့နှင့် နီကပ်ရာ၊ ခင်တွယ်ရာ၊ အားထားရာ၊ ယုံကြည်ရာဖြစ်သော သူကို ပို၍ တော်စေ၊ တတ်စေ၊ သာစေလို၏။
ထို့ကြောင့် ဗန္ဓုလစွမ်းရည်ပြမည့်ပွဲ၌ ဝါးလုံးရေ(၆၀)ဖြင့် စည်းထားသော ဝါးစည်း(၆၀)ကို တစ်ချက်တည်းဖြင့် အပြတ်ခုတ်ရမည့် အချိန်တွင် သူ၏ ပရိသတ်များက ဝါးချောင်းအလယ် သံချောင်းမြှုပ်ထားလေ၏။ ထိုသို့လုပ်ထားခြင်းသည် ဗန္ဓုလအား သိက္ခာကျစေလိုသောကြောင့် မဟုတ်။ ဂုဏ်သတင်းများ၊ အကျော်အစောများ တိုးသည်ထက်တိုးစေလိုသောကြောင့်သာ ဖြစ်၏။ သို့သော် ကောင်းမြတ်သော စေတနာပင် ဖြစ်သော်လည်း အချိန်အခါ မညီညွတ်လျှင် ခွေးရူးတစ်ကောင်လို ပြန်ကိုက်တတ်၏။ ဤသို့ လုပ်ထားသည်မှာ စေတနာကောင်းနှင့်သာ ဖြစ်၏။ သို့သော် ထိုလုပ်ရပ်ကို ဗန္ဓုလမသိ။ အချိန်စေ့လို့ ဝါးစည်းကို ခုတ်ရာ နောက်ဆုံးဝါးစည်းတွင် “ကရိ” ဟူသော အသံမြည်၍ ပြတ်လေ၏။ ထိုအခါ ဗန္ဓုလသည် ဒေါသမီးလျှံတောက်ပြီး ဤပရိသတ်များ သည် ငါ၏ ရန်သူများသာဟု မှတ်ယူလေ၏။ ဗန္ဓလသည် ထိုသံချောင်းကိုမဖြတ်နိုင်သူကား မဟုတ်။ တစ်ချောင်းမက အချောင်းများစွာကိုပင် ဖြတ်နိုင်စွမ်းရှိ၏။ ယခုတွင်မူ ဝါးဟူသော အမြင်နှင့် ဓားကိုချိန်ဆမှုအား အနည်းအများ ကွာဟလေသောကြောင့်သာ သံချောင်းကျန်ရစ်ခြင်း ဖြစ်၏။
မည်သို့ဖြစ်စေ ဗန္ဓုလဘက်ကကြည့်လျှင် သူ့ကိုသက်သက် ကြံစည်သည်ဟု မြင်နေလေ၏။ ရှက်လည်းရှက်မိ၏။ ဤသို့ဖြစ်ရသည်ကို စိတ်နာပြီး ဗန္ဓုလသည် မလ္လာတိုင်းမှ ထွက်ခွါ၍ သူငယ်ချင်းကောသလထံ ရောက်လေ၏။ ထိုအချိန်တွင် ကောသလသည် ဘုရင်ဖြစ်နေလေပြီ။ အကြောင်းစုံကို ဗန္ဓုလမှ ပြောပြသောအခါ ကောသလသည် ကတိသစ္စာထားခဲ့သည့်အတိုင်း သူငယ်ချင်းပီသစွာ ကြည်ကြည်ဖြူဖြူနှင့် ဗန္ဓုလအား စစ်သူကြီးရာထူးကို ပေးလေ၏။ ဓားရေးရာမှာ အလွန်ကျွမ်းကျင်သော ဗန္ဓုလ စစ်သူကြီးဖြစ်လာချိန် ဘုရင်ကောသလ၏ အရှိန်အဝါတို့သည်လည်း အံ့သြရလောက်အောင်ပင်တစ်နေ့တစ်ခြား ကျော်စောလာ၏။ အရည်အသွေးပြည့်ဝသူတို့ လက်တွဲပူပေါင်းမှု ရလာဒ်ဟု ဆိုရပေမည်။ တစ်ယောက်အပေါ်တစ်ယောက် နားလည်မှု၊ ဖေးမကူညီမှု၊ ထောက်ဆငဲ့ညှာမှုနှင့် သနားကြင်နာမှုတို့၏ ရောင်ပြန်ဟပ်ခြင်းလည်း သူတို့နှစ်ဦး၏ စည်းလုံးညီညွတ်မှုတို့မှာ အတုယူစရာပင်၊ စည်လုံးညီညွတ်မှုသည် မည်သည့်အဖွဲ့အစည်းအုပ်စုများအတွက်မဆို အလွန်လိုအပ်သော အင်္ဂါတစ်ရပ်လည်း ဖြစ်၏။
ယင်းစည်းလုံးမှုကို ထိမ်းထားတတ်ဖို့လည်း လို၏။ တစ်ခဏတာ ညီညွတ်နေရုံနှင့် မပြီး၊ ကြာကြာထိမ်းထားနိုင်မှ အကြောင်း၏ အကျိုးကို ရယူနိုင်မည် ဖြစ်၏။ ထိမ်းထားနိုင်ဖို့ အချက်မှာ အချင်းချင်းပွင့်လင်းမှုနှင့် အသာမစံလိုမှု အနိုင်မယူလိုမှုတို့က ပဓာနကျ၏။ လိုနေသော ကွက်လပ်ကို ဝိုင်းဝန်းကူညီ ဖြည့်စွက်ခြင်းဖြင့် ထိန်းထားနိုင်၏။ ဤကဲ့သို့ မဟုတ်ခဲ့ပါလျှင် “ပြုပြန်မလွယ် ပျက်ရန်ခဏ” ဆိုသည့်အတိုင်း ပျက်စီးပြိုကွဲဖို့ဘက်ကိုသာ အလေးများနေတတ်၏။ ကောသလနှင့် ဗန္ဓုလတို့ လက်တွဲပူးပေါင်းလာသော အချိန်သည်လည်း ကြာညောင်းခဲ့ပါပြီ။ အချိန်ကာလတို့ ပြောင်းလဲနေသည်နှင့်အမျှ ရုပ်ဝတ္ထုတို့သည်လည်း ပြောင်းလဲနေတတ်ကြ၏။ သင်္ခါရဟု ဆိုရပေမည်။ ဤသို့ဖြင့် ဗန္ဓုလ၏ ကြင်ယာဇနီး မလ္လိကာ မှာ သူတို့၏ သားဦးရတနာအတွက် ကိုယ်ဝန်ရရှိလာ၏။ သို့သော် သူ၏ သားဦးရတနာမှာ သူ့အတွက် ရတနာတစ်ပါးလေလော။ ကံကြမ္မာဆိုး တစ်ခုလေလော ဆိုသည်ကို ဗန္ဓုလ တစ်ယောက် မဝေခွဲနိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ မိမိတို့ရင်မှ ဖြစ်သော ရင်သွေးလေးအား တွေ့မြင်တော့မည်အရေးကို တွေးရင်း ချစ်ဇနီး မလ္လိကာ အားလည်း အချစ်စိတ်ပိုများလာ၏။ လိုသည်ထက်ပိုပြီး ဂရုစိုက်လာ၏။ ဤသို့ ဂရုစိုက် ပြုစုနေသည့်ကြားမှ မလ္လိကာ “ချင်ခြင်း” တတ်လာသည်မှာ ဝေသာလီပြည် လစ္ဆဝီမင်းသားများ အထွဋ်အမြတ်ထားသော မင်္ဂလာရေကန်မှ ရေကို ချိုးလည်းချိုး လိုသည်။ သောက်လည်းသောက်လိုသည်။ ဤ“ချဉ်ခြင်း”မှာ သူငယ်ချင်း သုံးယောက်တို့၏ မဟာမိတ်သက်တမ်း ကုန်ဆုံးတော့မည့် အကြောင်းရင်း ဖြစ်နေသည်ကို မေတ္တာရေစီးကြောမှာ မျောပါနေသော ဗန္ဓုလအတွက် အမှားအမှန်ကို ဝေဖန်နိုင်သော အင်အားမရှိတော့ပေ။
မင်္ဂလာရေကန်မှ ရေကို ရနိုင်ဖို့ဆိုသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ပါ။ ၄င်းရေကန်တွင် အစောင့်များစွာ အတားအဆီးများစွာရှိ၏။ ထိုခက်ခဲသည်မှာ ရေကန်နံဘေးတွင် ဗန္ဓုလ၏ သူငယ်ချင်းဖြစ်သော ဝေသာလီပြည်၏ သူရဲကောင်းမဟာလိ ကိုယ်တိုင်စောင့်ကြပ်နေခြင်းပင်။ သို့သော် မဟာလိသည် မျက်မမြင်ဒုက္ခိတဖြစ်နှင့်နေလေပြီ။ မဟာလိ မျက်မမြင်ဖြစ်နေသည်ကို ဗန္ဓုလ သိ၏။ မဟာလိဦးဆောင်သော လစ္ဆဝီမင်းသားများသည် ထိုရေကန်ကို ထိပါးလာလျှင် မည်သို့မျ ငြမ်နေကြလိမ့်မည် မဟုတ်ဆိုသည်ကိုလည်း ဗန္ဓုလသိပါ၏။ မဟာလိနှင့်အတူ တက္ကသိုလ်တွင် ထားခဲ့သော ကတိစကားများကိုလည်း ဗန္ဓုလ ပြန်ကြားယောင်နေဆဲ။ ထားခဲ့သောကတိအတိုင်း ဗန္ဓုလသည် မဟာလိထံ သွားရောက်ညှိနှိုင်းမည် ဆိုလျှင် မဟာလိသည်လည်း လုံးလုံးငြင်းပယ်လိမ့်မည်မဟုတ်။ ထိုသို့သွားရောက် ညှိနှိုင်းရန်အတွက် တွေးတောပုံမရပါ။ သူတွေးသည်မှာ “ငါသည် စစ်သူကြီးတစ်ယောက် ဖြစ်နေပြီ၊ ငါ့လိုလူက သည်မျှကိစ္စလေးနှင့် မည်သူနှင့်မှ ခယ,ညှိနှိုင်းနေစရာ မလို” ဟုတွေးထင်ရင်း ချစ်ဇနီးနှင့် လူလောကကို မကြာခင် ရောက်လာတော့မည့် သားငယ်တို့အပေါ်ထားရှိသော “ဂေဟဿိတပေမ”ခေါ်သည့် ချစ်ခြင်းမေတ္တာနှင့် မိမိကိုယ်ကို “ငါသည် ပြိုင်ဘက်ကင်းသော စစ်သူကြီးတယောက်ပါ” ဆိုသည့် အတ္တမာနတို့၏ လှုံ့ဆော်မှုစက်ကွင်းထဲမှာ နစ်မြုပ်နေခဲ့၏။
အကယ်၍ ငါလုပ်သောလုပ်ရပ်မှာ သူတို့ဘက်က ခုခံငြင်းဆန်လာလျှင် “မဟာလိ”ကိုယ်တိုင်က ဒုက္ခိတဖြစ်နေပြီ။ “တစ်ခြား ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ၊ ဘယ်သူက အာခံလွန်ဆန်ရဲမှာလဲ” ဆိုသည့် မဟာလိ၏ အားနည်းချက်ကို ကိုင်ပြီး အသာစံလိုသော စိတ်က ကြီးစိုးနေလေသည်။ အမှန်မှာ ဒုက္ခိတဖြစ်နေသော မဟာလိအား သူနှင့် ကောသလတို့က ဝိုင်းဝန်းကူညီဖေးမပေးရမည့် အချိန်ပင် ဖြစ်၏။ ဤသည်ကို သတိမရနိုင်။ သူ၏ဇနီးအား ရထားပေါ်တင်ပြီး ဝေသာလီပြည် မင်္ဂလာရေကန်သို့သာ ခရီးနှင်လေ၏။ ရေကန်သို့အဝင်တွင် တံခါးတိုင်ကို ရထားက ဝင်တိုက်မိလေ၏။ ထိုအသံကို ရေကန်ဘေးမှ တပင်တိုင်နန်းဆောင်တွင် တစ်ယောက်တည်းနေသော မဟာလိကြားသဖြင့် ဗန္ဓုလရထားမှန်း သိလိုက်၏။ မဟာလိသည် အဋ္ဌရသ (၁၈) ရပ်ထဲက သုတိ-အကြားအမြင် ဗဟုသုတနှင့် ဝိသေသကာ-ယာယီယတြာအတတ်များကို ကမ်းတဖက်ရောက် တတ်ကျွမ်းကျင်သူပီပီ “ဤနေ့သည် ငါတို့ ဝေသာလီပြည်သူ ပြည်သားများအတွက် အကြီးမားဆုံး အဆိုးရွားဆုံး အန္တရာယ်ကျရောက်လာပြီ”ဟု လည်း သိလိုက်လေသည်။ ဗန္ဓုလသည် ဇနီးနှင့် တပျော်တပါးရေကို တဝချိုး တဝသောက်၍ ပြန်ထွက်လာပြီး၊ လစ္ဆဝီမင်းသားများမှာလည်း ဗန္ဓုလအား ပြန်တိုက်ခိုက်ရန် မဟာလိထံ လာရောက် အကြောင်းကြား၏။ မဟာလိမှ ပြန်မတိုက်ခိုက်ရန် အကြိမ်ကြိမ်တားသော်လည်း မရ။ ထို့ကြောင့် မဟာလိသည် သူ့တပည့်များအား စကား(၃)ခွန်းကို ပြောလေ၏။
၁။ သင်တို့သည် ဗန္ဓုလနောက်သို့လိုက်လျှင် သူ၏ရထားဘီး မြေထဲသို့နစ်မြုပ်သွားသည်ကို မြင်လိမ့်မည်။ ၄င်းသည် ဗန္ဓုလက လေးကို ဆွဲချိန်ရွယ်ခြင်း ဖြစ်သည်။
၂။ မိုးကြိုးရှိန်းသကဲသို့ အသံကို ကြားလိမ့်မည်။ ၄င်းသည် လေးကို လွှတ်ပစ်ခြင်းဖြစ်သည်။ ထိုအခါ သင်တို့ ရှေ့သို့မတိုးကြနှင့် ပြန်ဆုတ်ခဲ့ကြ။
၃။ ရှေ့သို့တိုးလိုက်လျှင် သင်တို့၏ ရှေ့ဆုံးမှ ရထားဦးတွင် စကာပေါက်ကဲ့သို့သော အပေါက်တို့ကို မြင်ရလိမ့်မည်။ ထိုအခါသင်တို့ရထားကို လေးထိပြီဟုမှတ်။ လုံးဝဆက်မလိုက်ကြလေနှင့် ဟူ၍ ပြောလိုက်၏။
မင်းသားငယ်များမှာမူ နောက်မဆုတ်၊ ဗန္ဓုလ၏ ကျူးကျော်စော်ကားမှုကို မခံမရပ်နိုင်ဖြစ်ပြီး လိုက်မြဲတိုင်း လိုက်ကြရာ အားလုံးသေကြေဆုံးရှုံးကြလေသည်။ ထောင်သောင်းချီသော မင်းသားငယ်များ တစ်ချိန်တည်း တပြိုင်တည်း သေဆုံးခြင်းမှာ ကံတရား၏ ဆိုးရွားခြင်းလား၊ သင်္ခါရသဘောအရ ဖြစ်ပျက်မှုလေလား မဟာလိ မဆုံးဖြတ်နိုင်။ အကယ်၍ သင်္ခါရဖြစ်ခဲ့လျှင် မင်းသားငယ်များအတွက် ကျနေသော မဟာလိ၏ မျက်ရည်စက်များသည် သင်္ခါရမျက်ရည်စက်များသာ ဖြစ်မည် ထင်ပါ၏။ ဤမျက်ရည်သည် တစ်ဦးတစ်ယောက်တည်း အတွက်ကားမဟုတ်၊ အချိန်အခါနှင့် အလှည့်ကျရောက်မှုအပေါ် အခြေခံ၍ တစ်လှည့်စီ ကျရသောမျက်ရည်ဖြစ်၏။ ဘုရားရှင်က “ဝိပါက”ဟူ၍ဟောခဲ့ပါ၏။ ဝိပါကဝဋ်သဘောမှာ အမြဲလည်နေတတ်၏။ တစ်ခါတစ်ခါ အကြွေးသဘောဖြင့်လည်း ပြန်ဆပ်ရတတ်၏။ မလွဲမသွေ ပြန်ဆပ်ရမည်ဆိုသော သည်တစ်ခါ ဗန္ဓုလအလှည့်များ ဖြစ်နေလေမလား၊ သူလုပ်ကြံသတ်ဖြတ်ခဲ့သော “ဝေသာလီ”မှုခင်းသည်ကား နာမည်ကြီးနေဆဲ၊ ဤဖြစ်ရပ်မှာ ဗန္ဓုလဖက်က ကတိမတည် သစ္စာမရှိရုံတင်မက လုံးလုံးဖြစ်သင့်သော လုပ်ရပ်ဆိုးကြီးဖြစ်သည်ကို ကောသလမင်းသိ၏။ သိသည့်အတိုင်း တစ်နေ့ကျလျှင် ဗန္ဓုလသည် ငါ့အာလည်း ဤသို့လုပ်ကြံလာမလား စိုးရိမ်ပူပန်မှု သံသယစိတ်တို့ ဝင်လာ၏။ သံသယစိတ်သည် လူကို အမြဲကြောက်လန့်စေတတ်သော သရဲသဘက်များကဲ့သို့ ဖြစ်၏။ ထို့ကြောင့် ကောသလမင်းသည် လက်ဦးမှုကိုယူပြီး ဗန္ဓုလနှင့်အတူ သားသုံးဆယ့်နှစ်ယောက်တို့အား တစ်နေ့တည်း တစ်ရက်တည်းမှာ အပြတ်စီရင်လုပ်ကြံသတ်ဖြတ်ခဲ့၏။ သည်လုပ်ကြံမှုအတွက် ကောသလမင်းသည်လည်း မျက်ရည်ကျရမည်သာ၊ ညီအစ်ကိုအရင်းချာပမာ ချစ်ခင်ရင်းနှီးသော လသူပြန်၍ပေးဆပ်ရမည်ကိုလည်း စိုးကြောက်နေမိ၏။
သို့သော် သူလုပ်လိုက်သော အလုပ်မှာ အကျိုးတစ်ခု ဖြစ်နှင့်နေလေပြီ။ မည်သည့်နည်းနှင့်မျှ ချောင်လွှဲမရဘဲ တနည်းနည်းဖြင့် ပေးဆပ်ရမည်သာ ဖြစ်၏။ ထိုအချိန်သည်ကား ကြာသည်မဟုတ်။ သူ၏သား ဝိဋဋူပနှင့် ဗန္ဓုလ၏တူ ဒီဃကရယန တို့ပူးပေါင်းပြီး သူအားကြံစည်လာလေပြီ၊ ယင်းရန်ကြောင့် ကောသလသည် တိုင်းပြည်မှ ထွက်ပြေးခဲ့ရပြီး ရာဇဂြိုလ်မြို့ တံခါးဝရှိ ဇရပ်ပျက်တွင် အသေဆိုးနှင့် သေခဲ့ရသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော သင်္ခါရမျက်ရည်စက်များပင် မဟုတ်ပါလား။ အချိန်ရထားကြီး တိုက်စားမှုအလယ် ကြွေမွပျက်စီးခဲ့ရသော ရုပ်ဝတ္ထုတို့ များခဲ့ပါပြီ။ စင်စစ်မူ“ ဘယ်သူမပြု မိမိမှု” သာဖြစ်၏။ မည်သည့်အကြောင်းအရာကို မဆို အပြောင်းအလဲ အပျက်အစီးဖြစ်အောင် ဖန်တီးနေသော ဖန်တီးရှင်များမှာ လူတို့ပင် ဖြစ်သည်။ ဗန္ဓုလ၊ ကောသလ၊ မဟာလိ သူငယ်ချင်းသုံးယောက်တို့၏ ချစ်ခင်မှု၊ စည်းလုံးမှု၊ ညီညွတ်မှုတို့နှင့် ဖွဲ့စည်းထားသော အဖွဲ့၊ ထိုအဖွဲ့၏ ဦးတည်ချက်၊ ရည်ရွယ်ချက် လုပ်ဆောင်ချက်တို့မှာ ပန်းတိုင်မရောက်မီတက်ကျိုး၊ ထီးတော် မတင်ရသေးမီ ငြမ်းပြိုကျ၊ အဖူးလုံးတို့ မပွင့်သေးမီ မြေခကြွေ ကျခဲ့ရလေပြီ။ ယင်းသို့တစ်စစီ ကြွေမွပျက်စီးအောင် စတင်ဖန်တီးခဲ့သူ၊ သစ္စာဖောက်ခဲ့သူမှာ ဗန္ဓုလ ဖြစ်၏။
ထို့ကြောင့် မည့်သည့်အဖွဲ့အစည်းအုပ်စုမဆို ကတိသစ္စာကို မချိုးဖောက်မိဖို့လို၏။ ငါသိ၊ ငါမြင်၊ ငါတတ်ဝါဒတို့ကို ရှေးတန်းမထားမိဖို့၊ အသာစံလိုမှု၊ အနိုင်ယူလိုမှုစိတ်ထားမျိုးကို ဖက်တွယ်မထားမိဖို့လည်း လို၏။ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါလှေငါထိုးးပဲခူးရောက်ရောက် စိတ်ထားမျိုးက အချင်းချင်းအပေါ် သွေးဝမ်းကွဲစေခြင်းမှ အပ မည့်သည့် အကျိုးကိုမှ မပေးစွမ်းနိုင်၊ လုပ်သမျ အရာမထင် သဲပုံရေကျဖြစ်ပြီး၊ အဆုံးမှာ သင်္ခါရမျက်ရည်များ သဘောဖြင့် မြေခရမည်သာ ဖြစ်ပါ၏။
တင်ပြသူ= မာယု (မာလာယုဒီပ)
ဤနေရာမှကူယူတင်ပြပါ။WWW.UCMSWT.ORG