အေးချမ်းသာယာရွှေသန္တာမှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday, 20 September 2012

ခြေရာမထင်တဲ့လမ်းကလေး


အ၀ိုင်းနဲ့ လေးထောင့်ဆိုတာက
မွေးရာပါ ပကတိစရိုက်ချင်းကို
တူကြတာမဟုတ်။

ဒါပေမယ့်
ကျောင်းစာထဲ မပါခဲ့တဲ့အရာတွေကိုချည်း ဖြတ်သန်းလို့
ကြီးပြင်းရင့်ကျက်လာတာနဲ့အမျှ
ပတ်ဝန်းကျင် မျိုးစုံမှာကျင်လည်၊
သံယောဇဉ်ဆိုတဲ့ကြိုးတွေ နှောင်ဖွဲ့၊
ငါဆိုတဲ့ ဇာတိ ပြသခွင့်ကို မရှိပဲ လူ့အတင့်တန်းမီရေး
လူရာဝင် လူတွင်ကျယ်ဖြစ်ဖို့ တိုးရင်းဝှေ့ရင်းနဲ့
ပတ်ဝန်းကျင်ကပဲ ပိုင်ဆိုင်တဲ့
ပီဘိရုပ်သေး ရုပ်လေး ငါဖြစ်မှန်းမသိ ဖြစ်ပါပေါ့လား။


ဒီလိုနဲ့
ရွေပွက်တမျှ တဒင်္ဂ ဘ၀ဆိုတဲ့သက်တမ်းတိုထဲမှာ
သံယောဇဉ် အမြစ်အမွှားတွေက
ပုံစံမျိုးစုံနဲ့ ယှက်နွယ်ထားတဲ့ လူ့အသိုက်မြုံထဲ
ကိုယ့်လူရင်းတွေထဲက တစ်ယောက်ကို
အောက်တန်းကျ လုပ်ရပ်တစ်ခုခုနဲ့
လက်ပူးလက်ကျပ် မိတဲ့အခါ မကျေနပ်တဲ့
ကရုဏာ ဒေါသသံယောဇဉ်ကြိုးက လှုပ်ခါသွား။

အလားတူပဲ
တခြားတစ်ယောက်ကတော့
လေကအတွက် ကိုယ်ကျိုးစွန့်သတဲ့
သင်းပြန့်တဲ့ ဒီလိုရနံ့မျိုး ရှူရှိုက်ရခိုက်မှာတော့
ရင်ထဲမှာ ၀မ်းသာချမ်းမြ အားကျအူမြူး
မေတ္တာသံယောဇဉ်ကြိုးက ထူးလို့ခိုင်မာသွားပြန်ရော့။

ဒီလိုနဲ့ပဲ
လောကထဲက အပြတ်ချဲလို့
သံယောဇဉ် အမြစ်ဆွေးဖို့ လမ်းစကဖြင့် ခုထိမမြင်
မွေးသေစာရင်းပယ်ဖျက်လို့
ဟိုး…မှတ်ဆရခက်တဲ့ လောကမိုးကုတ်စက်ဝိုင်း
အဆုံးထိတိုင်
ဒယိမ်းဒယိုင် ခြေလှမ်းကျဲတွေနဲ့
လှမ်းထွက်ဖို့ အစပျိုးမှာပဲ
လမ်းပျောက်ချင်တဲ့ လူသားတစ်ဦးအဖို့တော့
ဗုဒ္ဓရဲ့ မဂ္ဂကျင့်စဉ် လမ်းတစ်သွယ်သည်သာ
ပြေလွင် ချောမွတ် ခြေရာမထပ်တဲ့လမ်း
ခရီးက ဝေးလွန်းပေမယ့်လည်း
ကြားစခန်းဒီခဏမှာကို
ဘ၀အနွမ်းတွေ ကျွန်းရိပ်ခိုလို့
လွမ်းစိတ်တွေကို သိမ်းတတ်ခဲ့ပြီဆိုရမလားပဲလေး။   ။
          တက္ကသိုလ်ကျောင်းသား.......။

Template by:

Free Blog Templates