အေးချမ်းသာယာရွှေသန္တာမှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday, 15 August 2012

ဒေါက်တာ အမ်ဘေဒကာ (သို့မဟုတ်) ခေတ်သစ် အိန္ဒိယ ဗုဒ္ဓဘာသာ လှုပ်ရှားမှု မီးရှူးတန်ဆောင်

အိန္ဒိယသားများက ဘာသာဆာဟဗ်(Babasaheb) ဟုလည်းခေါ်တွင့်ကြသည့် ဒေါက်တာ အမ်ဘေဒကာ (Bhimrao Ramji Ambedkar) မှာ ထိုခေတ်က ပထမဆုံးသော အိန္ဒိယတရားရေးဝန်ကြီး ဖြစ်ခဲ့သလို နိုင်ငံရေးခေါင်းဆောင် တစ်ယောက်လည်းဖြစ်ခဲ့ပါသည်။ ဗုဒ္ဓဘာသာရေးလှုပ်ရှားဆောင်ရွက်သူ၊ အဘိဓမ္မာဒဿနိကဗေဒဆရာ၊ တွေးခေါ် မြော်မြင်မှုဆိုင်ရာ ဂုရု၊ မနုဿဗေဒနှင့် သမိုင်းဘာသာရပ် ပညာရှင်၊ စကားအပြောအဟော ကောင်းသူ၊ အောင်မြင် ကျော်ကြားလှသည့် စာရေးဆရာ၊ ဘောဂဗေဒ ပညာရှင်၊ စာပေ ပညာရှင်၊ အယ်ဒီတာ၊ ခေတ်ပြင်တော်လှန်ရေးသမား၊ အိန္ဒိယ ဗုဒ္ဓသာသနာ ပြန်လည်ထူထောင်သူ၊ အိန္ဒိယ ဖွဲ့စည်းအုပ်ချုပ်မှုဆိုင်ရာ အခြေခံဥပဒေ ရေးဆွဲသူ ဒေါက်တာ ဘီမာရောင်း ရမ္မဂျီ အမ်ဘေဒက္ကားအား မဟာရာ (Mahar) မျိုးနွယ်၊ ဇာတ်နိမ့်မိသားစုတစ်ခုမှ မွေးဖွားလာခဲ့ခြင်းဖြစ်ပါ သည်။
ဤမိသားစုသည် မြန်မာ့နောက်ဆုံးမင်း သီပေါဘုရင် နေထိုင်ခဲ့ရာ၊ မဟာရာဆတရာပြည်နယ်၊ ရတနာဂီရိခရိုင် ထဲရှိ (Ambavade) ဆိုသည့် ရွာငယ်လေးတွင် မူလကနေထိုင်ခဲ့သော်လည်း သူမွေးဖွားသည့် မွေးရပ်ဇာတိမြေမှာ ဘုံဘေ (ယခုခေတ် မူဘိုင်း) မှ (၃၆၀) ကီလိုမီတာ၊ ဘိုပါးလ်မှ ၂၄၀ ကီလိုမီတာဝေးသော ဗြိတိသျှခေတ် အလယ်ပိုင်း အိန္ဒိယ (Mhow) ဒေသတွင်ဖြစ်သည်။ မွေးနေ့မှာ ၁၈၉၁ ခု၊ ဧပြီလ(၁၄)ရက်နေ့ဖြစ်၍ မိဘနှစ်ပါးမှာ Ramji Maloji Sakpal နှင့် Bhimabai တို့ဖြစ်ကြသည်။
လူမှုရေးအရ ဇာတ်အလွှာခွဲခြားမူ ကျင့်သုံးသည့် အိန္ဒိယ၏ ဟိန္ဒူလူအဖွဲ့စည်း ထဲတွင် ဇာတ်ဝါဒီတို့ဖိနှိပ်မှု မျိုးစုံကို သူတစ်သက်လုံး ဆန့်ကျင်တော်လှန်နေခဲ့ရပေသည်။ သူ့အနေဖြင့် ဗုဒ္ဓဘာသာသို့ ကူးပြောင်းလိုက်ခြင်းမှာ ထောင်သောင်းသိန်းသန်းချီသော ဇာတ်နိမ့်လူအုပ်ကြီး ဗုဒ္ဓဘာသာထဲသို့ အစုလိုက်အပြုံလိုက် ကူးပြောင်းဝင်ရောက်လာဖို့ ရှေ့ပြေးအစ ပျိုးပေးလိုက်သလိုလည်းဖြစ်ခဲ့ပါသည်။ မရေတွက်နိုင်သည့် လူမူရေးဖိနှိပ်မှု နှင့် ငွေကြေးအခက်အခဲများကို ကျော်ဖြတ်ကြိုးစားရင်းပင် ထိုခေတ်ထိုအခါက အိန္ဒိယမှာ ကောလိပ် ပညာရေးကို သင်ယူခဲ့သည်။ ထိုစဉ်က ကိုလံဘီယာတက္ကသိုလ်နှင့် လန်ဒန် စီးပွါးရေးသိပ္ပံတို့တွင် လေ့လာသင်ယူခွင့်ရခဲ့သည့် အတွက် ဥပဒေဘွဲ့အပြင် ဒေါက်တာ(ပါရဂူ)ဘွဲ့ကိုပါရရှိခဲ့ပေသည်။

သူသည် ပညာရှင်တဦးဖြစ်လာခဲ့ပြီးနောက် နှစ်အတော်ကြာ ဥပဒေပညာကို လက်တွေ့အားဖြင့် ကွင်းဆင်းလေ့ လာနေခဲ့သည်။ ထို့နောက်တွင် ဂျာနယ်မဂ္ဂဇင်းများ ထုတ်ဝေလျှက် မထိမကိုင်အပ်သည့်အထိ အပါယ်ခံဘ၀တွင် နေခဲ့ ရသော အိန္ဒိယဇာတ်နိမ့်များအတွက် နိုင်ငံရေး အခွင့်အလမ်းပွင့်ရေး၊ လူမူရေးအရ အနှိမ်ခံနေခဲ့ကြရသည့် အဖြစ်ဆိုးမှ နေ၍ လွတ်မြောက်စေရေးတို့အတွက် တိုက်ပွဲဝင်နေခဲ့ပေသည်။ ဗောဓိသတ္ထ(ဘုရားလောင်း)တစ်ဦးအနေဖြင့်ပင် အိန္ဒိယ ဗုဒ္ဓဘာသာများက ယူဆပြောဆိုနေကြသော်လည်း သူကိုယ်တိုင်အနေဖြင့်မူ ထိုသို့ အဓိပ္ပါယ်သက်ရောက် သော အပြောအဆိုမျိုး လုံးဝမရှိခဲ့ဖူးချေ။
မိဘမျိုးရိုးက မဟာရာလူမျိုးဖြစ်ပြီ ဇာတ်နိမ့် အပယ်ခံဘ၀ဖြင့်ပင် ရောင်းဝယ် ဖောက်ကား၍လည်း လုပ်ကိုင်စားသောက်ခဲ့ကြရသည်။ ဤတွင်ပင် လူမှုရေးနှင့်စီးပွါးရေးအရ ခွဲခြားနှိမ့်ချ ဆက်ဆံခြင်း များကို ခံစားခဲ့ကြရပေသည်။ ရှေးဦး မိဘဘိုးဘွားများမှာ အရှေ့အိန္ဒိယကုမ္ပဏီစစ်တပ်ထဲတွင် တာဝန်ထမ်းခဲ့ဖူးသူများ ဖြစ်ကြသည်။ ဖခင်ဖြစ်သူ ရမ္မဂျီ စက္ကပါလမှာ စစ်တပ်အတွင်း ကျောင်းဆရာဖြစ်သည့်အလျောက် အလုပ်သဘောအရ မိသားစုအလိုက်နေရာရွှေ့ပြောင်းနေခဲ့ကြရသော်လည်း သူကိုယ်တိုင်က မာရထီဘာသာ၊ အင်္ဂလိပ်ဘာသာများဖြင့် ဘွဲ့ရပညာတတ်တစ်ဦးဖြစ်သဖြင့် သားသမီးများအား ကျောင်းစာတွင် ကြိုးစားသင်ယူကြဖို့ရန် အားပေးနိုင်ခဲ့သည်။ ကဘီယာပန့် ဆိုသည့်ပညာရှင်နှင့် ရင်းနှီးဆက်စပ်မှုရှိသဖြင့်လည်း သူ့ကလေးငယ်များအား ဟိန္ဒီဂန္ထ၀င်စာပေများကို သင်ယူလေ့လာကြစေရန် အားပေးဖြစ်ခဲ့ပြန်သည်။
ထိုခေတ်ထိုခါက အိန္ဒိယ ဇာတ်နိမ့်လူတန်းစားများမှာ အစိုးရစာသင် ကျောင်းများတွင် တက်ရောက်သင်ယူမည့် အခွင့်ရေးနည်းပါးလှပေသည်။ စက္ကပါလ်ကမူ သူ၏ တပ်မတော်အရာရှိ ဂုဏ်ရှိန်ကိုသုံးပြီး သူ့ကလေးငယ်များ အစိုးရကျောင်းတက်ခွင့်ရအောင် ကြံဆောင်ခဲ့ရသည်။  ထိုသို့ ကျောင်းတက်ခွင့် ရသော်ငြားလည်း အမ်ဘေဒကာနှင့် တခြားဘ၀တူကလေးတသိုက်မှာ စာသင်ခန်း အတွင်းဘက်သို့ ၀င်ခွင့်မပေးသည့် အထိ ဆရာဆရာမများ၏ ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ ပစ်ပယ်ခြင်းများကို ခံခဲ့ကြရပေသည်။ ရေဆာလျှင် ဇာတ်မြင့်တဦးဦးက ရေခွပ်နှင့်ရေကို ထိကိုင်ခွင့်မရှိဘဲတနည်းနည်းဖြင့်လောင်းထည့်ပေးသည်။
အမ်ဘေဒကာအတွက် မူ ကျောင်းလုပ်သားများက အားလပ်သည့်အတွက် ရေမသောက်ရဘဲ နေခဲ့ရသည့်အဖြစ်ကို နောင်တွင် အမ်ဘေဒကာ (ဗျာဒါမဲ့ ရေမဲ့) “No peon, No Water” ဟု သုံးနှုန်းဖော်ပြခဲ့သည်။ (ဗျာဒါ- ရုံး၊ ကျောင်းများ၌ လက်တိုလက်တောင်း လုပ်ပေးရသည့်အစေခံ)
၁၈၉၄ -ခုနှစ်တွင် ဖခင် ရမ္မဂျီစက္ကပါလ် ရာထူးက အငြိမ်းစားယူရသည်။ ထို့နောက်တွင် မိသားစုမှာ မှော်မှ စတာရာသို့ ပြောင်းရွှေ့ခဲ့ပြီး မကြာခင်မှာပင် မိခင်ဖြစ်သူ ကွယ်လွန်ခဲ့ပေသည်။ ဤတွင် အမ်ဘေဒကာတို့ ကလေးငယ် များသည် ဖခင်ဘက်မှ အဒေါ်၏ မွေးစားစောင့်ရှောက်အောက်ဝယ် ခက်ခဲ့သောလူမှုပတ်ဝန်းကျင်တွင် ရှင်သန်ကြီးပြင်း လာခဲ့ကြရပေသည်။ မွေးချင်းညီအစ်ကို သုံးယောက်၊ ညီအစ်မနှစ်ယောက်ဖြစ်ပြီး အားလုံးထဲတွင် အမ်ဘေဒကာ တစ်ဦးသာ အထက်တန်းစာမေးပွဲအောင်၍ တက္ကသိုလ်ဘွဲ့ရဖြစ်ခဲ့ပေသည်။
အဆင့်မြင့်ပညာရေးခရီး။    ။ ၁၉၀၃ ခုနှစ် တွင် အမ်ဘေဒကာ ပထမအကြိမ်လက်ထပ်သည်။ (ဤသည်မှာ ဟိန္ဒူရိုးရာဓလေ့ထုံးတမ်းအရ ကလေးချင်းလက်ထပ် ခြင်းသာဖြစ်ပြီး၊ ထိုစဉ်က သတိုးသမီးငယ် ရမ္မာဘိုင်က (၉)နှစ်၊ သတိုးသားငယ် အမ်ဘေဒကာက (၁၂)နှစ် အရွယ်သာ ရှိပါသေးသည်)။ ထို့နောက်တွင် ဘုံဘေသို့ ရွေ့ပြောင်းလာခဲ့ကြပြီး၊ ယင်းတွင် (Elphinstone High School) ကျောင်း ၌ ကျောင်းသားတစ်ဦးဖြစ်လာခဲ့သော်လည်း သီးသန့်ဖယ်ကြဉ်ထားခြင်း၊ ခွဲခြားဆက်ဆံခြင်းမှာ ဆက်လက်၍ အနှောက်အယှက်ဖြစ်နေခဲ့ပေသည်။ ၁၉၀၇-ခုနှစ်တွင် အထက်တန်း (matriculation examination) အောင်မြင်ခဲ့ပြီး၊ ဘုံဘေတက္ကသိုလ်ကျောင်းသားဖြစ်လာခဲ့ပေသည်။ ဤအောင်မြင်မှုသည် ထိုစဉ်က ဇာတ်နိမ့်များကြားတွင် အားကျ ဂုဏ်ယူစရာ အောင်မြင်မှုတစ်ခုကဲ့သို့ ဖြစနေခဲ့ပေသည်။
သူ့၏ ဆွေမျိုးသားချင်းနှင့် မိတ်သင်္ဂဟများက ပြုလုပ်သည့်သူ အား ဂုဏ်ပြုအခမ်းအနားတရပ်အပြီးတွင် အထက်တန်းပြဆရာ မဟာရာပညာရှင်တစ်ဦးဖြစ်သည့် (K.A.Keluskar) က သူ့အား ဗုဒ္ဓ၀င်စာအုပ်ငယ်တစ်အုပ် လက်ဆောင်ပေးခဲ့သည်။ ၁၉၀၈-ခုနှစ်တွင် Elphinstone ကောလိပ်သို့ တက် ရောက်သည့်အခါ ဘာရိုဒါခရိုင် အုပ်ချုပ်ရေးမှူး Baroda, Sahyaji Rao III အထံမှ စကော်လာချိတ် စာသင်စရိတ် (၁)လ ၂၅ ရူပီး ရရှိလေသည်။ ၁၉၁၂-ခုနှစ်တွင် ဘုံဘေတက္ကသိုလ်မှ စီးပွါးရေးနှင့် နိုင်ငံရေးဆိုင်ရာဘွဲ့ကို ရရှိပြီး၊ ဘာရို ဒါ ပြည်နယ်အစိုးရထံတွင် အမှုထမ်းရန်ပြင်ဆင်မှုများ လုပ်ဆောင်ရပေသည်။
၁၉၁၃-ခုနှစ်တွင်မူ ကိုလံဘီယာ တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနတွင် ဘွဲ့လွန်ကျောင်းသားတစ်ဦးအနေဖြင့် ကျောင်းဝင်ဖို့ရန် (၁)လလျှင်(၁၁)ပေါင်ခွဲဖြင့် (၃)နှစ်စာ စာသင်စရိတ်ဆု ရရှိခဲ့သည်။ နယူးယောက်၌ လစ်ဗင်းစတုန်း ဟောလ်တွင် သူ့၏ပါရဆီမိတ်ဆွေ Naval Bhathena နှင့် အတူနေကြသည်။ (အဆိုပါ မိတ်ဆွေမှာ သူ့အတွက် သေတပန် သက်တဆုံး မိတ်ဆွေတစ်ဦးလည်းဖြစ်ခဲ့ပေသည်)။ ဂုဏ်ထူးဘာသာရပ်အတွက် ဥပဒေရေးရာ စာကြည့် တိုက်မှာ သူထိုင်နေကျဖြစ်ခဲ့သည်။ ၁၉၁၅-တွင် စီးပွါးရေးပညာရပ်ကို လူမှုဗေဒ၊ သမိုင်း၊ ဒဿနိက၊ မနုဿဗေဒ ဘာသာတွဲများဖြင့် အမ်အေ အောင်မြင်ပြီး၊ ယင်းအတွက်ဘွဲ့ယူစာတမ်းမှာ Ancient Indian Commerce( ရှေးဟောင်း အိန္ဒိယ ကုန်သွယ်ရေး) ဖြစ်သည်။
၁၉၁၆-တွင် နောက်ထပ် အမ်အေ ဘွဲ့တစ်ခုထပ်ရခဲ့ပြီး ဘွဲ့ယူစာတမ်းမှာ National Dividend of India- A Historic and Analytical Study (အိန္ဒိယ၏ အမျိုးသားပြိုကွဲခြင်းအပေါ် သမိုင်းနောက်ခံနှင့် ခွဲခြားစိတ်ဖြာ လေ့လာချက်) ဖြစ်သည်။ ထိုနှစ် မေလ (၉)ရက်နေ့တွင် Castes in India: Their Mechanism, Genesis and Development (အိန္ဒိယက ဇာတ်စနစ်၊ သူတို့ယန္တရား၊ မူလအစနှင့် ဖြစ်ပေါ်တိုးတက်မှု) မည်သောစာ တမ်းကို မနုဿဗေဒပညာရှင် ပါမောက္ခ Alexander Goldenweiser ကျင်းပသည့် ဆွေးနွေးပွဲတွင် တင်သွင်းသည်။
၁၉၁၆-ခုနှစ်တွင် ဥပဒေပညာရပ်အတွက် Gray’s Inn တွင် ကျောင်းဝင်ခွင့်လျှောက်ထားပြီး၊ စီးပွါးရေးပညာရပ် အတွက် လန်ဒန်တက္ကသိုလ် စီးပွါးရေးနှင့် နိုင်ငံရေး သိပ္ပံဌာနတွင် ၀င်ခွင့်လျှောက်ထားသည်။ ဤတွင်ပင် ပါရဂူဘွဲ့ အတွက် ပြင်ဆင်မှုများ လုပ်ခွင့်ရခဲ့သည်။ ၁၉၁၇-တွင် အိန္ဒိယသို့ ပြန်လာခဲ့ကာ ဘာရိုဒါစကော်လာချိတ် သက်တမ်းစေ့ သွားသည့်တိုင် လေးနှစ်အတွင်း ကျမ်းတင်ဖို့ရန် အခွင့်ရေးရယူနိုင်ခဲ့သည်။
တန်ဖိုးကြီးပြီး ချစ်မြတ်နိုးလှစွာသော အနှစ်နှစ်အလလ သူစုဆောင်းလာခဲ့သည့် စာအုပ်များကို အိန္ဒိယသို့ သင်္ဘောဖြင့် တင်ပို့လိုက်စဉ်တွင် အဆိုပါ သင်္ဘောမှာ ဂျာမန်ရေတပ်မှ တိုပီဒိုဖြင့် ဖောက်ခွဲခံလိုက်ရသဖြင့် အားလုံ  ဆုံးရှုံးခံလိုက်ရပေသည်။ ဘာရိုဒါနယ်က သူ့အားအစအဆုံး ပညာသင်ပေးခဲ့ခြင်းဖြစ်၍ ထိုနယ်အတွက် အမှုထမ်းပေး ရန် ဖြစ်လာခဲ့ပေသည်။ ပထမတွင် ဘာရိုဒါစော်ဘွား၏ စစ်ဖက်ရေးရာ အတွင်းဝန်အဖြစ် ခန့်အပ်ခံရသော်လည်း
ကာလတိုအတွင်းမှာပင် ထိုရာထူးမှ နှုတ်ထွက်ခဲ့ရသည်။ မအောင်မမြင်ဖြစ်ခဲ့ရသော ထိုအလုပ်တာဝန်နှင့်ပတ်သက်၍ နောက်တွင် Waitting for a Visa (ဗီဇာစောင့်ခြင်း) စာတမ်းတွင် (ဒုတ်ဓားတွေ ကိုယ်စီကိုင်စွဲထားကြသော ပါရစီ လူမျိုး တဒါဇင်ခန့်သည် စားတော့ ၀ါးတော့မည့်အတိုင်း ပေါက်ကွဲလုပုံစံတွေနဲ့ ကျုပ်ရဲ့ရှေ့မှာ  တန်းစီရပ်နေကြတယ်၊ သူတို့တွေရဲ့ ရှေ့မှာတော့ သနားညှာတာမှုကို အပြင်းအထန် တောင်းဆိုနေတဲ့ ကျွန်ုပ်က ရပ်လျှက်သား၊ အဲဒီမြင်ကွင်း ဟာ ၁၈-နှစ်ကြာ မအောင်မမြင်ဖြစ်ခဲ့ရတဲ့ ကာလတလျှောက်လုံးအတွက် မပျောက်မပျက်ကျန်ရစ်ခဲ့တဲ့ မြင်ကွင်းပါပဲ။ အဲဒီကို ပြန်မြင်ယောက်မိတိုင်း ကျုပ်ရဲ့မျက်လုံးတွေမှာ မျက်ရည်စို့ရတာချည်းပဲဖြစ်ပါတယ်။ အကြင်ပုဂ္ဂိုလ်ဟာ ဟိန္ဒူ တစ်ဦးအတွက် အပယ်ခံလူဆိုရင်၊ သူဟာ ပါရစီတစ်ဦးအတွက်လည်း အလားတူ အပယ်ခံလူဘဲဖြစ်တယ်ဆိုတာ ကျုပ် ပထမအကြိမ် လေ့လာသဘောပေါက်ခဲ့ရပါတယ်) ဟူ၍ ရေးသားဖော်ပြခဲ့ပေသည်။
ထို့နောက်တွင် သူသည် သူ့မိသား စုနှင့် အတူတကွ နေထိုင်ရန် နည်းလမ်းရှာရတော့သည်။ ပထမတွင် ၀ိုင်းပုဂ္ဂလိက ကျောင်းဆရာအဖြစ်၊ နောက် ငွေပင် ငွေရင်း ကုမ္ပဏီတစ်ခု၏ စီးပွါးရေးအကြံပေးအရာရှိ စသည်ဖြင့် ကျင်လည် ခဲ့ရသည်။ သူ့၏အရည်အချင်းပြည့်ဝခြင်း၊ အလုပ်ကြိုးစားလုပ်ကိုင်ခြင်းတို့ကြောင့် အောင်မြင်သော်လည်း ဇာတ်နိမ့် တစ်ဦးဖြစ်မှန်း အလုပ်ရှင်များသိသွားသည့် အခါ အားလုံးနှင့် ဆုံးခန်းတိုင်ပြတ်ခဲ့ရသည်ချည်းဖြစ်ရသည်။ ၁၉၁၈-ခုနှစ်တွင် ဆိုင်ဒန်ကုန်သွယ်ရေး တက္ကသိုလ် Sydenham College of Commerce and Economics တွင် နိုင်ငံရေးနှင့် စီးပွါးရေးဘာသာရပ် ပါမောက္ခဖြစ်လာခဲ့သည်။ ကျောင်းသားများအား ပို့ချရေး၊ ဆက်ဆံရေးပိုင်းတွင် အောင်မြင်သော်လည်း၊ ဆရာ ပါမောက္ခများကမူ သောက် ရေအိုးကို သူနှင့် အတူတကွသုံးဖို့ ငြင်းဆန် ကန့်ကွက်လာခဲ့ကြသည်။
(၁၉၁၉-ခု၊ အိန္ဒိယအစိုးရ အက်ဥပဒေ) Government of India Act 1919 အားပြင်ဆင်မည့် Southborough Committee ၏ ရှေးမှောက်တွင် အိန္ဒိယ၏ ရှေးဆောင်ပါမောက္ခ တစ်ဦးအနေဖြင့် စမ်းသပ်စစ်ဆေးခံယူဖို့ ဖိတ်ခေါ်ခံရ သည်။ ထိုအစီစဉ်တွင် အမ်ဘေဒကာက ဇာတ်နိမ့်နှင့် တခြားဘာသာရေးဆိုင်ရာ(လူနည်းစု) အုပ်စုများအတွက် ခွဲခြား မဲစနစ်နှင့်  အလုပ်အကိုင်ဆိုင်ရာ အထူးအခွင့်ရေး (Separate electorates and reservations for untouchables and other religious communities.) ဥပဒေပြုချက်များပေါ်တွင် စောဒကတက်လိုက်သည်။
ဟိန္ဒူနှင့် မူဆလင်တို့မှာ အမျိုးသားနှစ်စု (Two nations) ဖြစ်သော်လည်း တိုင်းပြည်တစ်ခု၏အောက်တွင် အတူတကွ (living together under on state) နေထိုင်၍ ဖြစ်နိုင်သည်ဆိုသော ဟိန္ဒူတို့၏ (တဖက်သက်ကျသော) ထင်မြင်ယူဆချက်မှာ ဟုတ်မှန်သယောင်ရှိသော်လည်း အဓိပ္ပါယ်မရှိလှသော ရွှေပြည်အေးတရား၊ အရူးအစီအမံသာဖြစ် သည်။ မည်သည့် မျှမျှတတ အမြင်ရှိသူကမှ လက်သင့်ခံမည်မဟုတ်။
၁၉၂၀-ခုနှစ်တွင် ကိုလ်ဟာပူ စော်ဘွားကြီး ဆာဟုနံပါတ် (၁) Shahu I (1884-1922), Maharaja of Kolhapur (၁၈၈၄-၁၉၂၂)၏ အကူအညီဖြင့် Mooknayak (Leader of the Silent) နှုတ်ဆိတ်နေသော ခေါင်းဆောင် နာမည်ဖြင့် အပါတ်စဉ် ဂျာနယ်တစ်စောင်ကို ဘုံဘေတွင် ထုတ်ဝေသည်။ ဤဂျာနယ်ကို ဟိန္ဒူနောက်မြီးဆွဲ နိုင်ငံရေး သမားများ Orthodox Hindu Politicians ကို ဝေဖန်တိုက်ခိုက်ရန်နှင့် ဇာတ်ခွဲခြားသည့် လူနေမှုစနစ်ကို တိုက်ရာတွင် တွန့်ဆုတ်နေသည့် အိန္ဒိယ နိုင်ငံရေးလောကကို မီးမောင်းထိုးပြရာတွင် အသုံးချခဲ့ပေသည်။
အနှိမ်ခံနင်းပြားလွှာများညီလာခံ Depressed Classes Conference တွင် မိန့်ကြားသည့် သူ့ဟောပြောချက်ကို ထိုစဉ်က ဒေသန္တရအုပ်ချုပ်ရေးမှူးဖြစ်သည့် ဆာဟူးနံပါတ်(၅) Shahu V သဘောကျနှစ်ခြိုက်သွားသည်။ ၄င်းပုဂ္ဂိုလ် ကြီးမှာ အမ်ဘေဒကာအား အနာဂတ်အမျိုးသားခေါင်းဆောင် Future national leader ဟု သုံးနှုန်းဖော်ပြခဲ့သူဖြစ်ပြီး သူတို့နှစ်ဦး အတူတကွ တ၀ိုင်းတည်းစားသောက်ပြသခဲ့ခြင်းအတွက် ဟိန္ဒူအစွန်းရောက်များကို တုန်လှုပ်ချောက်ရှား စေခဲ့ပေသည်။ ပါမောက္ခရာထူးမှ နှုတ်ထွက်ပြီး၊ ထိုနှစ်ဂျူလိုင်လတွင် သူလန်ဒန်သို့ ပြန်လာခဲ့သည်။
သူ့ကိုယ်ပိုင် စုဆောင်းထားသည့် ငွေစတချို့နှင့် ကိုလ်ဟားပူရ်စော်ဘွား Maharajo of Kolhapur အထံက ချေးငှါး၊ ထောက်ပံ့ထား သည့် ငွေပမာဏအနည်းငယ်ကို သုံးစွဲလျက် ဂရေးစ်အင်းနှင့် လန်ဒန်တက္ကသိုလ်တို့တွင် ကျောင်းဝင်ကာ အလွန်ပင် ဆင်းရဲခြိုးခြံစွာ နေထိုင်ခဲ့သည်။ ၁၉၂၂ ခုနှစ်မှာ သူ၏မလျော့တမ်း ကြိုးပမ်းအားထုတ်ခဲ့သည့်ဇွဲကြောင့် သူ၏လေ့လာ မှုများမှာ ကျွမ်းကျင်သူအဆင့်ဖြင့် အလျှံပြည့်ဝလာခဲ့သဖြင့် လန်ဒန် စီးပွါးရေးတက္ကသိုလ်တွင် စီးပွါးရေး မဟာသိပ္ပံဘွဲ့ အတွက် ကျမ်းတင်၍ ပြီးစီးခဲ့ပေသည်။ ထို့နောက်တွင် လန်ဒန်တက္ကသိုလ်၌ပင် စီးပွါးရေးဆိုင်ရာ ဒေါက်တာ(ပါရဂူ)ဘွဲ့ ကို တင်နိုင်ခဲ့သည်။
သူ့၏ တရားဝင်လေ့ကျင့်စမ်းသက်မှုများကို အောင်မြင်စွာပြုလုပ်ရန်လည်း အခွင့်သာခဲ့ပေသည်။ သူ၏ပွဲဦးထွက်တရားဝင် လုပ်ငန်းဆောင်ရွက်ချက်များအနက် တစ်ခုမှာ ဗြဟ္မီမဟုတ်သော ခေါင်းဆောင်သုံးဦး (Three non-Brahmin leaders: K.B. Bagde, Keshavrao Jedhe and Dinkarrao Javalkar) တို့မှ စွဲချက်တင်ထားသည့် အလွန် အရေးပါသော အမှုတွဲတစ်ခုအား လိုက်ပါဆောင်ရွက်ပေးရန်လက်ခံလိုက်ခြင်းပင်ဖြစ်သည်။ တရားလိုရှေ့နေမှာ ပုဏ္ဏာ Poona မှာ နာမည်ကျော် ရှေ့နေကြီး L.B. Bhopatkar ဖြစ်သည်။ အမ်ဘေဒကာလည်း ဤအမှုတွဲအား အလွန်ထက် သန်လေးနက်စွာ လိုက်ပေးသည်။ သို့ဖြင့် ၁၉၂၆ အောက်တိုဘာလတွင် ဤအမှုအောင်မြင်သွားပေသည်။ ဤအောင် မြင်မှုမှာ လူမှုရေးအရရော၊ ပုဂ္ဂလိက ဖောက်သည်များကြားတွင်ပါ သတင်းကြီး၍ သွားခဲ့လေသည်။
ဘုံဘေ ဟိုက်ကုတ်တရားရုံးတွင် ဥပဒေပညာရပ်အတွက်ကွင်းဆင်းလေ့လာခဲ့စဉ်ကမူ ဇာတ်နိမ့်လူထုအား ပညာရေးမြှင့်တင်ရန် အချိန်အတော်ကြာ ဦးတည်လှုပ်ရှားနေခဲ့ဖူးသည်။ ဤရည်မှန်းချက်အထမြောက် အောင်မြင်ရေး အတွက် ဖွဲ့စည်းသည့် သူ၏ပထမဆုံးအဖွဲ့မှာ ဘဟိဆကိတ္တိ ဟိတကာရီနီသဘာ(Bahishkrit Hitakarni Sabha) ဖြစ် သည်။ ၄င်းသည် ဇာတ်နိမ့်နှင့် ဇာတ်နိမ့်မဟုတ်သော နင်းပြားတို့၏ လူမှုစီးပွါးရေးကို မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်သည့်အဖွဲ့ကြီးဖြစ်လာခဲ့ပေသည်။ ၁၉၂၇ ခုနှစ်မှာမူ သူ့အနေဖြင့် ဇာတ်နိမ့်အပယ်ခံများအပေါ်တွင် ခွဲခြား ဆက်ဆံခြင်းနှင့် ချိုးနှိမ့်သွေးစုတ်ခြင်းများကို ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခု စတင်ဖို့ရန် ဆုံးဖြတ်ခဲ့ပြီး၊ အများသုံး သောက်ရေကို လူတိုင်းတပြေးညီ ဝေခြမ်းသောက်သုံးခွင့်ရရှိရေးအတွက် လူထုချီတက် လှုပ်ရှားမှုတရပ်ဖြင့် အစပျိုး လိုက်လေသည်။ မြို့များတွင် အဓိကရေလှောင်ကန်များမှ ရေကိုဆွဲခွင့်ရဖို့ ဇာတ်နိမ့် လူ့အဖွဲ့စည်းကြီး၏ လူ့အခွင့်ရေး တိုက်ပွဲ သစ္စာဂြဟလှုပ်ရှားမှုကြီး(Satyagraha in Mahad) ကို သူကဦးဆောင်လိုက်ခြင်းပင်ဖြစ်သည်။
၁၉၂၅- ခုနှစ်တွင် ဥရောပတခွင်လုံးဆိုင်ရာ ဆိုင်မွန်ကော်မီရှင် All-European Simon Commission နှင့်ပူးပေါင်းလုပ်ဆောင်ရန် Bombay Presidency Committee တွင် သူအလုပ်ခန့်အပ်ခြင်းခံရသည်။ ဤကော်မီရှင် သည် အိန္ဒိယ အနှံ့အပြားတွင် ကြီးမားသောလူထုဆန့်ကျင်အုံကြွမှုများဖြစ်ပေါ်အောင် လှုံ့ဆော်ပေးနိုင်ခဲ့သည်။ ဤ ကဲ့သို့သော လူထုလှုပ်ရှားမှုဆိုင်ရာ သတင်းအချက်အလက်များကို လူများစုကမေ့မေ့လျော့လျော့ဖြစ်သွားကြသည့် အခြေအနေတွင် နောင်တွင်ရေးဆွဲမည့် ဖွဲ့စည်းအုပ်ချုပ်ပုံမူကြမ်းထဲတွင် ခွဲထွက်ရေး အဆိုပြုချက်ကို ထည့်သွင်းချမှတ် ရန်မူကို အမ်ဘေဒကာ ရေးသားခဲ့ပေသည်။  အမ်ဘေဒကာကား လူကြိုက်များပြီး ထင်ရှားလာခဲ့လေပြီ၊ ထိုသို့ ဖြစ်လာ ခြင်းသည် ဇာတ်နိမ့် လူ့အသိုက်ဝန်းထဲတွင် အားဖြစ်စေသည့် အထောက်အပံ့ကြီးတစ်ခုလို ဖြစ်လာခဲ့သည်။ ထို့ကြောင့် လည်း ၁၉၃၂-ခုနှစ်၌ လန်ဒန်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် စားပွဲဝိုင်းဆွေးနွေးပွဲ(Second Round Table Confere nece)ကို တက်ရောက်ရန် ဖိတ်ကြားခံရခြင်းဖြစ်လေသည်။ မဟတ္တမဂန္ဓီအနေဖြင့် မူဆလင်နှင့် Sikhs ကဲ့သို့သော လူနည်းစုများအတွက် သက်သက်ခွဲခြားပြုလုပ်မည့် ရွေးကောက်ပွဲကို လက်ခံသော်လည်း ဇာတ်နိမ့်များအတွက် ထိုသို့ လုပ်ဆောင်မည့် Separate electorates for Untou-chables အစီစဉ်ကိုမူ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်နေခဲ့သည်။ မဟတ္တမဂန္ဓီ၏ အကြောင်းပြချက်မှာ ဇာတ်နိမ့်များအတွက် ထိုသို့ ခွဲခြားလုပ်ဆောင်ခြင်းဖြင့် ဟိန္ဒူလူ့အဖွဲ့အစည်းကြီး နှစ်ခြမ်းကွဲဖြစ်သွားမည်ကို စိုးရိမ်သည် ဟူ၏။
(ထိုအခြေနေတွင်ပင်) အမ်ဘေဒကာ၏ အဆိုပြုချက်ကို ဗြိတိသျှအစိုးရက လက်ခံလိုက်ပြီး ခွဲခြားရွေးကောက် ပွဲပုံစံကို ကြေညာလိုက်လေသည်။ ဤတွင် ဇာတ်နိမ့်များအတွက်သာ ခွဲခြားရွေးကောက်ပွဲပုံစံကို ဆန့်ကျင်သည့် မဟတ္တမဂန္ဓီက ၁၉၃၂-ခုနှစ်တွင် အစာငတ်ခံဆန္ဒပြုမှုကို ပူနေးမာဒါ ဗဟိုအကျဉ်းထောင် (YerwadaCental Jail of Pune) တွင် စတင်လေတော့သည်။ မဟတ္တမဂန္ဓီ၏ အစာငတ်ခံဆန္ဒပြမှုက ပြည်တွင်းမငြိမ်သက်မှုကို အိန္ဒိယနိုင်ငံအနှံ့ တွင် ပေါ်ပေါက်စေလေသည်။ ရှေးရိုးစွဲ ဟိန္ဒူခေါင်းဆောင်များ၊ ကွန်ဂရက် ခေါင်းဆောင်များနှင့် Madan Mohan Mala viya and Palwankar Boloo တို့ကဲ့သို့သော နိုင်ငံရေးလှုပ်ရှားသူတို့ပင်လျှင် အမ်ဘေဒကာနှင့် သူ၏ Yeravada မှထောက်ခံသူများနှင့် ပူးတွဲစည်းရုံးဟောပြောပွဲများကို ပူးပေါင်းလုပ်ဆောင်လာကြသည်။ နောက်ဆုံးတွင် ဟိန္ဒူများ ဘက်မှ လက်စားချေမည့်အရေးနှင့် ဇာတ်နိမ့်ပြည်သူများ အစုလိုက်အပြုံလိုက် အသက်အဖြတ်ခံရမည့် အလားအလာ များကို တွေးစိုးရိမ်မိသည့်အတွက် ဂန္ဓီနှင့် သူ့ထောက်ခံသူ လူအများစုတို့၏ ဖိအားပေးတောင်းဆိုမှုကို အမ်ဘေဒကာ အနေဖြင့် လိုက်လျော့လက်ခံခဲ့ရပေသည်။
ဂန္ဓီ၏ ဤထင်ရှားသည့် အစာငတ်ခံဆန္ဒပြမှုနှင့် သဘောတူညီခဲ့မှုကိုပင် Poona Pact သဘောတူညီမှုဟု ခေါ်တွင်ခဲ့ကြသည်။ ဤသဘောတူညီမှု၏ အကျိုးဆက်အဖြစ် အမ်ဘေဒကာသည် ဂန္ဓီနှင့် နောက်လိုက်များ တောင်းဆိုချက်အတိုင်း ခွဲခြားရွေးကောက်ပွဲစံစနစ်ကို အခြေခံဥပဒေထဲမှ ထုတ်ပယ်ပစ်ခဲ့ရ သည်။ သို့ဖြစ်သဖြင့်လည်း The British Communal Award စာချုပ်ဖြင့် အမ်ဘေဒကာအနေဖြင့် ဂန္ဓီနှင့် တွေ့ဆုံရန် ဦးစားပေး ဆောင်ရွက်ဖို့ ကတိက၀တ်ဖြစ်ခဲ့သည်။ ခွဲခြားသီးသန့်ရွေးကောက်ပွဲအစား ဇာတ်နိမ့်နှင့် နင်းပြားများအတွက် လွှတ်တော်တွင် အထူးသက်မှတ်ပေးထားသော အမတ်နေရာများကို သီးသန့်ချန်လှပ်ထားပေးရန် (Reservation for Depressed Class) ဖြစ်လာခဲ့ရပေသည်။
၁၉၃၅ တွင် အမ်ဘေဒကာသည် ဘုံဘေအစိုးရ ဥပဒေကောလိပ်တွင် အဓိပတိအဖြစ်ခန့်အပ်ခံရသည်။ ဤ ရာထူးတွင် (၂)နှစ်ကြာ လုပ်ဆောင်ခဲ့ပြီးနောက် ဘုံဘေတွင် ကိုယ်ပိုင်အိမ်တစ်လုံးကို ကိုယ်တိုင်ကြီးကြပ်ဆောက်လုပ် ၍ သူ့စာအုပ် ငါးသောင်းကျော်ကို ကိုယ်ပိုင်စာကြည့်တိုက်အဖြစ်ထားရှိလျှက် ထိန်းသိမ်းထားရှိခဲ့သည်။ ထိုအိမ်မှာပင် ဇနီးသည် ရမ္မာဘိုင်သည် နာတာရှည်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ နှစ်ရှည်လများထားရှိခဲ့သော သူမ၏ တစ်ခုတည်း သော ဆန္ဒမှာ ပန္ဒာပူရ်သို့ ဘုရားဖူးခရီးထွက်ရန်ဖြစ်သည်။ အမ်ဘေဒကာက သူတို့အား ဇာတ်နိမ့်ဖြစ်ရအောင် ဖန်တီး ထားခဲ့သည့် ဟိန္ဒူတို့၏ ပန္ဒာပူရ်သို့ သွားစရာမလိုတော့။ ပန္ဒာပူရ် အသစ်တစ်ခုကို သူဖန်တီးနေပြီဖြစ်ကြောင်းပြောပြပြီး ထိုသို့ သွားရောက်ခွင့်ကိုတားမြစ်ထားခဲ့ပေသည်။ အောက်တိုဘာ(၁၃) Nasik တွင်ပြုလုပ်သည့် ယေယိုလာ နှီးနှော ဖလှယ်ပွဲ (Yeola Conversion Conference) တွင် သူ့အနေဖြင့် မကြာမီ သီးခြားဘာသာတစ်ခုသို့ ကူးပြောင်းတော့ မည်ဖြစ်၍ နောက်လိုက်များအနေဖြင့်လည်း ဟိန္ဒူဘာသာကိုစွန့်လွှတ်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ပေသည်။ အိန္ဒိယ နေရာအနှံ့ပြားတွင် ပြုလုပ်သည့် ညီလာခံများတွင်လည်း ဤအကြောင်းအရာကို သူထပ်တလဲလဲ ကျေညာနေခဲ့ပေသည်။
၁၉၃၆- တွင်မူ အမ်ဘေဒကာသည် လွပ်လပ်သော အလုပ်သမားပါတီ (Independent Labour Party) ကို တည်ထောင်လိုက်ပြီး၊ ၁၉၃၇-၌ ကျင်းပသည့် ရွေးကောက်ပွဲတွင် ဗဟိုဥပဒေပြုလွှတ်တော် (Central Legislative Assembly) အတွက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ (၁၅)နေရာအထိ အနိုင်ရခဲ့ပေသည်။ ဤနှစ်မှာပင် သူ့စာအုပ် ဇာတ်ချေမှုန်းရေး (The Annihilation of Caste) စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ နယူးယောက်တွင် ပြုစုခဲ့သည့် ဘွဲ့ယူစာတမ်းကို အခြေခံထားသည့် စာအုပ်ပင်ဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်ကျော်ကြားမှုများကို ရယူ အောင်မြင်နေသည့် သူ့စာအုပ်ထဲတွင် ဟိန္ဒူဘာသာရေး အစွန်းရောက်ခေါင်းဆောင်များ၊ ပုံစံကျဇာတ်ဝါဒီများကို အပြင်းအထန် ဝေဖန်ထိုးနှက်ထားလေသည်။
ထိုအချိန်က အမ်ဘေဒကာသည် ကာကွယ်ရေး အကြံပေးဌာနနှင့် ဗိုင်ဆိုရီ အလုပ်အမှုဆောင်ကောင်စီ (The Defence Advisory Committee and The Viceroy’s Executive Council) တို့တွင် အလုပ်သမားဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပြီး၊ ဇာတ်နိမ့်အပယ်ခံများအပေါ် ဂန္ဓီနှင့် ကွန်ဂရက်က ဘာတွေလုပ်လိုက်ပြီလဲ (With What Congress and Gandhi Have Done to the Untouchables) ဆိုသည့် စာတမ်းဖြင့် ဂန္ဓီနှင့် ကွန်ဂရက်ပါတီအား ကြောင်သူတော်ဝါဒီများအဖြစ် အပြင်းအထန် ထိုးနှက်တိုက်ခိုက် လျှက်ရှိခဲ့ပေသည်။ သုဒ္ဓရဆိုတာ ဘယ်သူတွေလဲ (Who Were the Shudras?) စာတမ်းတွင်မူ အမ်ဘေဒကာသည် ဇာတ်စနစ် အဆင့်အလွှာ ခွဲခြားခြင်းနှင့် သုဒ္ဓရလူမျိုးဟူသည်မှာ ဘယ်သူတွေဖြစ်ကြောင်း ခွဲခြားရှင်းလင်းပြသဖို့ ကြိုးစားထားပေသည်။
သူ့ပါတီ၏ နိုင်ငံရေးဗျူဟာအနေဖြင့် အိန္ဒိယနိုင်ငံလုံးဆိုင်ရာပုံစံကျ ဇာတ်နိမ့်တပ်ပေါင်းစု (All India Scheduled Castes Federation) အဖြစ် တိုးတက်ပြောင်းလဲလာမည်ကို သူကြိုတင်မြော်မြင်ထားခဲ့ပေသည်။ ဥပဒေပြု လွှတ်တော်(Constituent Assembly of India) အတွက်ကျင်းပသော ၁၉၄၆-ခု ရွေးကောက်ပွဲများတွင် သူ့ပါတီအနေဖြင့် ထောက်ခံမှု(အောင်မြင်မှု) မဆိုစလောက်သာ ရရှိခဲ့ပေသည်။ သို့တိုင် သူကိုယ်တိုင်အနေဖြင့်ကား ဗြိတိသျှအစိုးရအပေါ်တွင် အစဉ်သဖြင့် သစ္စာရှိ၍ နေခဲ့ပေသည်။ (သုဒ္ဓရ ဟူသည်) စာတမ်း၏ သက်ရောက်မှုအဖြစ် အမ်ဘေဒကာသည် The Untouchables: A Thesis on the Origins of Untouchablility ဟူသော နောက်စာတမ်း တစ်စောင်ဖြင့် ဟိန္ဒူတို့၏ ဗြဟ္မဏ၀ါဒ အားနည်းချက်များကို မီးမောင်းထိုးပြလျှက် အပြင်းထန်ဆုံး ဝေဖန်လိုက်လေ သည်။
၁၉၄၁-နှင့် ၁၉၄၅-ကြားကာလနှစ်များတွင် (ပါကိစ္စတန် ဆိုင်ရာအတွေးအမြင်) Thoughts on Pakistan အပါ အ၀င် တပုံတပင်ကြီးသော စာအုပ်၊ စာတမ်းများ၊ လက်ကမ်းစာလွှာများကို  သူရေးသားထုတ်ဝေဖြန့်ချိခဲ့ပေသည်။ ထိုအထဲတွင် သီးခြားခွဲထွက်ရေး၊ မူဆလင်အဖွဲ့ချုပ်၏ တောင်းဆိုမှုများကို သူဝေဖန်သုံ့သပ်ပြခဲ့သည်။ သူ့အဆိုအရ သော် ဟိန္ဒူနှင့် မူဆလင်တို့မှာ အမျိုးသားနှစ်ခု (Two nations) ဖြစ်သော်လည်း တိုင်းပြည်တစ်ခုတည်း၏ အောက်တွင် အတူတကွ (Living together under one state) နေထိုင်၍ ဖြစ်နိုင်သည်ဆိုသော ဟိန္ဒူတို့၏ (တဖက်သတ်ကျသော) ထင်မြင်ယူဆချက်မှာ ဟုတ်မှန်သယောင်ရှိသော်လည်း အဓိပ္ပါယ်မရှိလှသော ရွှေပြည်အေးတရား၊ အရူးအစီအမံသာဖြစသည်။ မည်သည့် မျှမျှတတ အမြင်ရှိသူကမှ လက်သင့်ခံမည်မဟုတ် ဟူ၍ဖြစ်လေသည်။
အမ်ဘေဒကာသည် တောင်အာရှဒေသရှိ မူဆလင်များအတွက် အစိတ်အပိုင်းတရပ်ကို တရားဝင်အသိအမှတ် ပြုချမှတ်ပေးခဲ့သည်။ တချိန်တည်းတွင် ယင်းတို့၏ ဓလေ့ထုံးတမ်းများကိုလည်း ဝေဖန်ထောက်ပြခဲ့သည်။ ကလေးချင်း လက်ထပ်ခြင်း၊ အမျိုးသမီးများအား ချိုးနှိမ့်ထားခြင်းများကို ဆန့်ကျင်သည်။ မယားများစွာထားရှိခြင်း၊ သို့မဟုတ် အပျော်မယားထားခြင်းဆိုသော မကောင်းမှုအတွက် အလုံအလောက်ဖော်ပြနိုင်သည့် စကားလုံးမျိုးကို မတွေ့ဖူးသေး ကြောင်းနှင့် ဤသည်မှာ မူဆလင် အမျိုးသမီးတစ်ဦးအတွက် အလွန့်အလွန် ၀မ်းနည်းဖွယ်ရာ ကိစ္စလည်းဖြစ်ပေသည် ဟု ဆိုခဲ့သည်။
ကမ္ဘာမှာ ကျွန်စနစ် ကွယ်ပခဲ့သလောက်ဖြစ်သော်လည်း မူဆလင် လူ့အဖွဲ့စည်းထဲတွင် တည်ရှိဆဲ ဇာတ်ခွဲခြားမှု ပုံစံများမှာကား ဆက်လက်ဖြစ်ပွါးနေဦးမည်သာဖြစ်သည်။ မူဆလင် လူမှုရေးလောကထဲရှိ မကောင်းခြင်း အထွေထွေတို့မှာ ဟိန္ဒူလူမှုရေး လောကထဲကထက်ပင် ပို၍ဆိုးသေးသည်။ ဇာတ်စနစ်ကို ပုန်းလျှိုးကွယ်လျှိုး ကျင့်သုံး ရန်အတွက်လည်း ညီရင်းအကိုဝါဒ Fraternity ဆိုသည့် ဝေါဟာရမျိုးကို သုံးလျှက် ဆေးခါးကြီး သကြားအုပ်ကာ ဆက်လက်ကျင့်သုံးလျှက်ရှိကြသည်။
ကိုရမ်ကျမ်းစာအား မူဆလင်တို့ အဓိပ္ပါယ်ဖွင့်ဆိုသော စာပေအဆောက်အအုံ၏ အယူသီး အစွန်းရောက်ပုံများကို လည်း သူကဝေဖန်ပြသည်။ ယင်းအချက်သည် မူဆလင် လူ့အဖွဲ့အစည်းအား တင်းကျပ်သော အနေအထားသို့ တွန်းပို့ပြီး အပြောင်းအလဲ တစုံတရာဖြစ်ဖို့ရာ အခွင့်လမ်း မသာရလေအောင် (အစမလစ်ရလေအောင်) ပိရိလှပေသည်။ ထို့ပြင်လည်း အိန္ဒိယ မူဆလင်များမှာ တူရကီစသောနိုင်ငံများမှ မူဆလင် တို့ကဲ့သို့ မဟုတ်မူ၍ မိမိတို့ လူ့အဖွဲ့စည်း ပြောင်းလဲတိုးတက်ရေးများကို လုပ်ဆောင်ရန် ပျက်ကွယ်ပုံကို သူထောက်ပြ သည်။
၁၉၄၇-ခုနှစ် သြဂုတ်လတွင် အိန္ဒိယလွတ်လပ်ရေးရသည့်အခါ ကွန်ဂရက်အစိုးရက ဥပဒေရေးရာ ၀န်ကြီး ရာထူးကို လက်ခံရန် သူ့အားဖိတ်ခေါ်သည်ကို လက်ခံလိုက်သည်။ သြဂုတ်လ(၂၉)ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေမူကြမ်းရေးဆွဲရေးကော်မတီ ဥက္ကဌရာထူး ခန့်အပ်ခံရသည့်အတွက် လွတ်လပ်ပြီး အိန္ဒိယ၏ဥပဒေ သစ်ရေးဆွဲမည့် ဥပဒေပြုလွှတ်တော်တွင် တာဝန်ထမ်းဆောင်ခဲ့ရပေသည်။ အမ်ဘေဒကာ တင်သွင်းသည့် ဥပဒေ မူကြမ်းသည် တသီးပုဂ္ဂလ နိုင်ငံသား တဦးချင်း အခွင့်အရေးပိုင်းတွင် နိုင်ငံသားလွတ်လပ်ခွင့်နှင့် တိုးတက်ရေးအတွက် ကျယ်ပြန့်သည့် အတိုင်းတာ Wide range of civil liberties အထိ ဥပဒေကြောင်းအရ အာမခံရှိသည်။ အကာအကွယ် ပေးထားသည်။
ထိုအထဲတွင် ဘာသာရေးလွတ်လပ်ခွင့်၊ ဇာတ်စနစ်ဖျက်သိမ်းခြင်းနှင့် ခွဲခြားဆက်ဆံမှု နည်းစနစ်များ အားလုံးဖယ်ရှားခြင်းတို့လည်း ပါဝင်သည်။ အမျိုးသမီးများအတွက် စီးပွါးရေးနှင့် လူမှုရေးအခွင့်အရေးများ ပို၍တိုးချဲ့ ပေးရန်၊ အလားတူပုံစံကျ ဇာတ်နိမ့် Scheduled castes နှင့် ပုံစံကျတိုင်းရင်းသား Scheduled tribes များအတွက် ပြည်သူ့ဝန်ထမ်းအဖြစ် ကျောင်း၊ ကောလိပ်နှင့် ဌာနဆိုင်ရာတို့တွင် အလုပ်အကိုင် ရာထူးများကို အထူးသက်မှတ်ထား ရှိပြီး ဦးစားပေးရွေးချယ်ခန့်အပ်ပေးမည့် စနစ်ကိုလည်း အောင်မြင်စွာ ထည့်သွင်းချမှတ်နိုင်ခဲ့လေသည်။ ဤသည်မှာ ခိုင်မာ အားကောင်းသော လှုပ်ရှားမှုအတွက် တပြေးညီကျင့်သုံးသော စနစ်တရပ်လည်းဖြစ်သည်။ ဥပဒေပြုသူတို့က မျှော်လင့်ခဲ့သည်မှာ ပကတိအားဖြင့် မမြင်သာသော အခြေခံလိုချက်များအရ အခိုက်အတန့်သဘောဆောင်သော ဤသို့ လုပ်ဆောင်မှုများကြောင့် အိန္ဒိယ၏ အောက်ဆုံးအလွှာများအတွက် အခွင့်အလမ်း မရှိသလောက်နည်းပါးခြင်း နှင့် လူမှုရေး စီးပွါးရေး မညီမျှခြင်းတို့ကို ဖယ်ရှင်းပစ်နိုင်လိမ့်မည်ဟူ၍ ဖြစ်လေသည်။ ၁၉၄၉-ခု၊ နိုဝင်ဘာ (၂၆)တွင် ဥပဒေပြုလွှတ်တော်က ဥပဒေကို အတည်ပြုပြဌာန်းပေးလိုက်သည်။
၁၉၅၁-ခုတွင် ဟိန္ဒူ(ရိုးရာ) ဥပဒေမူကြမ်း Draft of the Hindu Code Bill ကို တင်သွင်းပြီးနောက်တွင် ၀န်ကြီး အဖွဲ့ထဲမှ နှုတ်ထွက်ခဲ့သည်။ အဆိုပါ ဥပဒေမူကြမ်းတွင် အမွေဆက်ခံခွင့်၊ လက်ထပ်ခွင့်နှင့် စီးပွါးရေးလုပ်ငန်းဆိုင်ရာ ဥပဒေများ ပါဝင်ပြီး(တစ်ခုချင်းစီ၌) လိင်အရည်အဆင့် (ကျား သို့မဟုတ် မ,ဖြစ်ခြင်းအတွက်) သက်မှတ်ချက်များကို အသေးစိတ်တည့်သွင်း ရှင်းလင်းတင်ပြထားသည်။
ဤဥပဒေအား ထိုစဉ်က ၀န်ကြီးချုပ်နေရူး အပါအ၀င် ၀န်ကြီးအဖွဲ့ ၀င် ၀န်ကြီးများနှင့် ကွန်ဂရက်ခေါင်းဆောင် တချို့ကပါ ထောက်ခံခဲ့ကြသော်လည်း ပါလီမန် အမတ်အများစုက လက်သင့်မခံပဲ ပယ်ချခဲ့ကြသည်။ ၁၉၅၂-ခု ရွေးကောက်ပွဲတွင် အောက်လွှတ်တော် Lower house of parliament, the Lok Sabha, အတွက်ဝင်ရောက် ယှဉ်ပြိုင်သော်လည်း အောင်မြင်မှုမရခဲ့ပေ။ အထက်လွှတ်တော် Upper house, of parliament, the rajya Sabha အမတ်အနေဖြင့်ကား ရွေးချယ်ခန့်ထားခံခဲ့ရပြီး၊ ယင်းသည် သူကွယ်လွန်ချိန်အထိ တောက်လျောက် တည်မြဲသောရာထူးလည်း ဖြစ်ခဲ့သည်။
ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်း။                ။မနုဿဗေဒပညာရပ်ကို ဆည်းပူးခဲ့သူ ကျောင်းသားတစ်ဦးအနေဖြင့် မဟာရာလူမျိုးများမှာ ရှေးဟောင်း အိန္ဒိယ၏ မူလကနဦး ဗုဒ္ဓဘာသာများပင်ဖြစ်ခဲ့ကြသည် ဆိုသည့်အချက်ကို သူလေ့လာတွေ့ရှိခဲ့ပြီးဖြစ်သည်။ Who were the Shudras? စာတမ်းထဲတွင် မဟာရာများမှာ ဗုဒ္ဓဘာသာ အယူအကျင့်များကို စွန့်ပစ်ရန် ငြင်းဆန်ခြင်းကြောင့် ရွာအပြင်ဘက်သို့ မောင်းထုတ်ခံခဲ့ရသူများ ဖြစ်ကြသည်။ နောက်တွင် ဇာတ်နိမ့်အဆင့်သို့ တွန်းပို့ခံခဲ့ကြရသည်။ ဟူ၍ ရေးသားဖော်ပြခဲ့ပေသည်။
အမ်ဘေဒကာကား သူ့ဘ၀တစ်လျောက်လုံး ဗုဒ္ဓဘာသာကို လေ့လာသင်ယူ၍ နေခဲ့သူဖြစ် သည်။ ၁၉၅၀-၀န်းကျင်နှစ်များတွင်မူ သူ့၏ အာရုံစူးစိုက်မှုတခုလုံးလောက်သည် ဗုဒ္ဓဓမ္မအပေါ်တွင် စုရုံးကျရောက်နေ ခဲ့လေသည်။ သီရိလင်္ကာသို့ သွားရောက်၍ ဗုဒ္ဓဘာသာ ရဟန်းတော်ကြီးများ၊ ပညာရှင်ကြီးများ၏ နှီးနှောဆွေးနွေးပွဲ တခုသို့ ပါဝင်တက်ရောက်ခဲ့သေးသည်။ ပုဏေးမြို့အနီးတွင် တည်ရှိသော ဗုဒ္ဓဘာသာကျောင်းသစ် အလှူပွဲတစ်ခုတွင် သူ့အနေဖြင့် ဗုဒ္ဓဘာသာကျမ်းစာ တစ်စောင် ပြုစုဆဲဖြစ်ကြောင်း၊ ထိုကျမ်းစာ လုပ်ငန်းပြီးဆုံးလျှင် ဗုဒ္ဓဘာသာအထဲသို့ ကူးပြောင်းတော့မည်ဟု တရားဝင်ကြေညာခဲ့လေသည်။
၁၉၅၄-ခုနှစ်တွင် အမ်ဘေဒကာသည် မြန်မာနိုင်ငံသို့ နှစ်ကြိမ် သွားရောက်ခဲ့သည်။ ပထမတစ်ကြိမ်မှာ ဆဌသင်္ဂါယနာတင်ပွဲတော်သို့ တက်ရောက်ရန်ဖြစ်ပြီး၊ ယင်းတွင် အပိုဒ် ၁၂ ပိုဒ် ပါဝင်သော အိန္ဒိယ ဗုဒ္ဓသာသနာရေးအဆိုပြုချက်ကို တင်ပြလျှောက်ထားခဲ့သည်။ ဒုတိယ အကြီမ်မှာ ကမ္ဘာ့ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ညီလာခံ World Fellowship of Buddhists in Rangoon ကို တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၅၅-တွင် အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ် (ဘာရတိယ ဗုဒ္ဓမဟာဆဘာ) The Bharatiya Bauddha Mahasabha, or the Buddhist Society of India ကို တည်ထောင်သည်။ တနည်းအားဖြင့် ဤအဖွဲ့ချုပ်ကြီးမှာ အိန္ဒိယ ဗုဒ္ဓဘာသာ အသင်းချုပ်ကြီးပင် ဖြစ်တော့သည်။
၁၉၅၆-တွင်မူ သူ့၏နောက်ဆုံးစာအုပ် The Buddha and His Dhamma (ဗုဒ္ဓနှင့် သူ့၏ ဓမ္မ) ကို အပြီးသက် ပြုစုနိုင်ခဲ့သော်လည်း ယင်းကို ထုတ်ဝေဖြစ်သည့်အချိန်တွင် သူမရှိတော့ပေ။ သီရိလင်္ကာဆရာတော် ဟေမလ၀ သဒ္ဓတိဿ Hammalawa Saddhatissa မြန်မာနိုင်ငံမှ ကုသိန္နာရုံ ဆရာတော်ကြီး အရှင်စန္ဒြမဏိဗာဗာ တို့နှင့် တွေ့ဆုံပြီးနောက်ပိုင်း ၁၉၅၄-ခု၊ အောက်တိုဘာလ (၁၄)ရက်နေ့တွင် သူနှင့် သူ့နောက်လိုက်များအတွက် တရားဝင် ဘာသာကူးပြောင်းပွဲတရပ်ကို ဆင်နွဲခဲ့ပေသည်။ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ကုသိန္နာရုံဆရာတော်ကြီး၏ အထံတော်တွင် သရဏဂုဏ် သုံးပါးနှင့် ငါးပါးသီလတို့ကို ခံယူသည်။ ထို့နောက် သူကိုယ်တိုင် ဟောပြောချက်ကို မိန့်ကြားသည်။ ထိုနောက်တွင်မှ သူ့နောက်လိုက် လူထု(၅)သိန်းခန့်အား ဗုဒ္ဓဘာသာသို့ သွတ်သွင်းကူးပြောင်းသည့် အစီအစဉ်ကို လုပ်ဆောင်ပေးသည်။ (အခြေအနေအရ ကူးပြောင်းသူများမဖြစ်မနေ လိုက်နာ ကြရမည့် ဗာဝီသ ရူးလ်ခေါ် စည်းကမ်း (၂၂)ချက် The 22 Vows for these converts ကို ရှင်းလင်းပြောဟောပြီး၊ သရဏဂုဏ်နှင့် ငါးပါးသီလကို ခံယူစေခြင်းပင်ဖြစ်သည်)
ထို့နောက် ခတ္တမန္ဒူ (နီပေါ)တွင် ကျင်းပသည့် လေးကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံ The Fourth World (Buddhist Conference) သို့ တက်ရောက်ခဲ့ရာ၊ ထိုညီလာခံတွင် ဖတ်ကြားခဲ့သည့် သူ့စာတမ်းများမှာ ဗုဒ္ဓ သို့မဟုတ် ကားလ်မက်ခ်ဆ် (The Buddha or Karl Marx) ရှေးဟောင်း အိန္ဒိယ၏ တော်လှန်ရေးနှင့် တန်ပြန်တော် လှန်ရေး (Revolution and counter-revolution in ancient India) တို့ဖြစ်ပြီး၊ ဤစာတမ်းများသည် ထိုစဉ်က အပြီးမသတ်နိုင်ခဲ့သေးသော သူ၏ (ဗုဒ္ဓနှင့် သူ့ဓမ္မ) စာအုပ်ကို အပြည့်အ၀ နားလည်သဘောပေါက်စေရန်အတွက် ရှေးပြေးလေ့လာကြရမည့် စာတမ်းများဖြစ်ခဲ့ပေသည်။
ကွယ်လွန်ခြင်း။               ။ ၁၉၄၈-ခုနှစ်လောက်ကတည်းက သူ့မှာ ဆီးချိုရောဂါ ရနေခဲ့သည်။ ၁၉၅၄-တွင်မူ ဇွန်လမှ အောက်တိုဘာ တိုင် အောင်အထိ သူ အိပ်ရာပေါ်တွင် လှဲ၍ ဆေးကုသခံယူနေရလေပြီ၊ မျက်စိမြင်အားကလည်း ကျဆင်းလာခဲ့သည်။ နိုင်ငံရေးဖိအားများကြောင့်လည်း သူ့ ကျန်းမာရေး ထိုးကျခဲ့ရခြင်းဖြစ်သည်။ အဆိုးဆုံးမှာ ၁၉၅၅- တစ်နှစ်ပတ်လုံး သူ ပြင်းပြင်းထန်ထန် ကြိုးစားပမ်းစား အလုပ်လုပ်နေခဲ့ခြင်းဖြစ်သည်။ ဗုဒ္ဓနှင့် သူ့ဓမ္မ စာအုပ် လက်ရေးမူရေးသားအပြီး သုံးရက်အကြာတွင်ပင် ဒေလီရှိ သူ့အိမ်တွင် အိပ်ပျော်နေရင်း ကွယ်လွန်ခဲ့ရှာသည်။
၁၉၅၆-ခု၊ ဒီဇင်ဘာ (၆)ရက်နေ့တွင်ဖြစ်သည်။ နောက်တနေ့ ဒီဇင်ဘာ(၇)ရက်တွင်၊ Chowpatty ကမ်းခြေတွင် ဗုဒ္ဓဘာသာ ထုံးစဉ်အတိုင်း ရိုးရိုးစင်းစင်းပင် မီးသင်္ဂြိုဟ်ခဲ့ကြသည်။ သူ့အား ထောက်ခံသူ၊ ကြည်ညိုလေးစားသူများနှင့် လုပ်ဖော်ကိုင်ဘက်များအပါအ၀င် လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။ ဒီဇင်ဘာ (၁၆)ရက်နေ့ကျမှ ဘာသာကူးပြောင်းမည့် အစီအစဉ်ရှိနေခဲ့သည့် သူ့နောက်လိုက်တစ်စုလည်း ထိုအသုဘ အခမ်းနားတွင်ပင် ဗုဒ္ဓဘာသာ အဖြစ် ကူးပြောင်းလိုက်ကြသေးသည်။
ကွယ်လွန်ချိန်တွင် ဗုဒ္ဓဘာသာသို့ အတူတကွ ကူးပြောင်းခဲ့ပြီး၊ ၂၀၀၂-ခုတွင်မှ ကွယ်လွန်ခဲ့သည် ဒုတိယဇနီး သည် Savita Ambedkar သား၊ ချွေးမနှင့် မြေးငယ်တစ်ဦးတို့ကျန်ရစ်သည်။ နောက်ပိုင်းတွင် မြေးငယ် Advt Prakash, né Balasaheb Yaswant Ambedkar သည် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် ဘာရတိယ ဗုဒ္ဓမဟာသံဃ (Bhartiya Bahujan Mahasangha) တို့တွင် ဥက္ကဌအဖြစ် ဦးဆောင်ခဲ့ပြီး၊ အိန္ဒိယလွှတ်တော် နှစ်ရပ်လုံးတွင်လည်း အလုပ်လုပ်ခဲ့ပေသည်။ အပြီးမသတ်ရသေးသော လက်ရေးမူနှင့် လက်နှိပ်စက်စာမူများစွာတို့ကို အမ်ဘေဒကာ၏ မှတ်စုစာအုပ်များ စာရွက်ချပ်များအဖြစ် တွေ့ရှိရပြီး ယင်းတို့အနက်မှ ဗီဇာကို စောင့်နေရခြင်း (Waiting for a Visa) မှာ သူ့ကိုယ်ရေး အတ္ထုပ္ပတ္တိ ဖြစ်ပုံရလေသည်။
အမ်ဘေဒကာ အမှတ်ရဖွယ်ပြတိုက်ကို ဒေလီ အလီပူလမ်း၊ အမှတ် (၂၆)၊ သူ့အိမ်ကိုပင် ပြုလုပ်ဖွင့်လှစ်ထား ပေသည်။ သူ့မွေးနေ့ကိုလည်း (အမ်ဘေဒကာ ဇယန္တီ) သို့မဟုတ် (ဘိမ် ဇယန္တီ) (Bhim Jayanti) အဖြစ် တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကျင်းပကြသည်။ ၁၉၉၀-ပြည့်နှစ်တွင် သူ့အား အိန္ဒိယ အရပ်ဖက်ဘွဲ့ထူး ဂုဏ်ထူးများ အနက် အမြင့်ဆုံးဖြစ်သည့် (ဘာရတ်ရတနာ) (Bharat Ratna) ဆုကြီးဖြင့် နိုင်ငံတော် သမ္မတကြီးက အပ်နှင်းခဲ့သည်။ အိန္ဒိယနိုင်ငံ မြို့ရွာပေါင်းများစွာတို့တွင် သူ့အားဂုဏ်ပြုဖွင့်လှစ်ထားသည့် စာသင်ကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ် များ၊ အတတ်သင်ကျောင်းများနှင့် ဆေးရုံ စသည်တို့မှာ အလွန်များပြားသည်။
အလားတူ သူ့နာမည်၊ သူ့ရုပ်တုဖြင့် ရှိနေသည့် ပန်းခြံပေါင်း မြောက်များစွာကိုလည်း အိန္ဒိယပါလီမန်မှ အစပြု၍ နေရာတိုင်းလိုလိုတွင် တွေ့မြင်နေရသည်။ နှစ်စဉ် သူ့မွေးနေ့ ဧပြီ (၁၄)၊ သူကွယ်လွန်နေ့ ဒီဇင်ဘာ (၆)ရက်၊ ဓမ္မစက္ကပ၀တ္တနနေ့နှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့များ တွင် နာဂပူ၊ ဘုံဘေ၊ ဒေလီ၊ ဟိုက်ဒရာဘက် စသော ဗုဒ္ဓဘာသာအများစု မှီတင်းနေထိုင်ရာ မြို့ကြီးပြကြီးစသည်တို့ တွင် သိန်းသန်းချီသော လူအုပ်ကြီးများ စုရုံး၍ စီတန်းလမ်းလျှောက်ခြင်း၊ အထိမ်းအမှတ် ဟောပြောခြင်းနှင့် ဆုတောင်းဝတ်ပြုပွဲများ ပြုလုပ်ကြသည်။ ထောင်ချီသော စာအုပ်ဆိုင်များ ခင်းကျင်းပြသ ရောင်းချကြသည်။ သူ့နောက် လိုက်များသို့ သူ့၏ တပ်လှန့်သံမှာ (ပညာတတ်ရမည်၊ ညီညွတ်ရမည်၊ တက်ကြွလှုပ်ရှားရမည်) Educate!, Organize!, Agitate! ဟူ၍ ဖြစ်လေသည်။
သူရေးခဲ့သောစာပေများနှင့် မိန့်ကြားခဲ့သော မိန့်ခွန်းများကို စုစည်းလျှက် မဟာရာစထရာ အစိုးရက (ယနေ့ အထိ) အတွဲ (၁၄)တွဲ ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ သူ့စိတ်ဓာတ်၊ သူ့စာပေများ၊ သူ့တိုက်ပွဲခေါ်သံများနှင့် ကိုယ့်ကျိုး စွန့် လုပ်ဆောင်ချက်များသည် အိန္ဒိယနိုင်ငံတော်ကြီးအား ထာဝရ စီးမိုး,စောင့်ကြပ်နေဦးမည်။ ကမ္ဘာ့ဆင်းရဲသား သုံးပုံ တစ်ပုံရှိသည့် အနှိမ်ခံ၊ အပယ်ခံ အိန္ဒိယအောက်တန်းလွှာ လူထုကြီးနှင့်အတူ လူသားထုတရပ်လုံး တန်းတူရည်တူ ချစ်ကြည်ရင်းနှီးလျှက် လိုအပ်သော ကိစ္စရပ်တိုင်း၌ ပူးပေါင်းလက်တွဲလုပ်ဆောင်ကြရန်၊ အမှန်တရားတည်းဟူသော အားဖြင့် ငြိမ်းချမ်းသော ရင်တွင်းတိုက်ပွဲ အောင်မြင်မှု မုခ်ဦးသို့တိုင် ချီတက်ကြရန် လမ်းပြခေါ်ဆောင်နေမည်သာ ဖြစ်ပါသတည်း။

အသျှင် သာသနဒဿီ
မှီးငြမ်း။
(1)  The pioneers of Buddhist revival in india  by-D.C. Ahir
(2)  Buddhism in india after DR. Ambedkar (956-2002) by- D.C.Ahir

မှတ်ချက်။ ။ ဤဆောင်းပါးကို “ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း (UCMSWT)” မှ ဓမ္မဒါနအဖြစ် ထုတ်ဝေဖြန့်ချိသော ” မဇ္ဈိမတံခွန် မဂ္ဂဇင်း” “အမှတ်စဉ် (၁)”မှ ကူးယူဖော်ပြပါသည်။
    ဤနေရာမှကူယူဖော်ပြပါသည်။www.ucmswt.org

Template by:

Free Blog Templates