အေးချမ်းသာယာရွှေသန္တာမှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday, 20 September 2012

မိထွေးတော် မဟာပဇာပတိဂေါတမီ၏ သင်္ကန်းအလှူ..



.  ဒက္ခိဏာဝိဘင်္ဂသုတ်
        အပိုင်{၂ }

ပုဂ္ဂလိကအလှူတစ်ဆယ့်လေးမျိုး...အာနန္ဒာပုဂ္ဂလိကဖြစ်သောအလှူတို့သညဤတစ်ဆယ့်လေးပါးတို့တည်း။
အဘယ် တစ်ဆယ့်လေးပါးတို့နည်းဟူမူ-
၁။ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားအား အလှူကို ပေးလှူ၏၊
၂။ ပစ္စေကဗုဒ္ဓါအား အလှူကို ပေးလှူ၏၊
၃။ ဘုရား၏ တပည့်ဖြစ်သော ရဟန္တာအား အလှူကို ပေးလှူ၏၊
၎။ အရဟတ္တဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊
၅။ အနာဂါမ်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊
၆။ အနာဂါမိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူ
ကို ပေးလှူ၏၊

၇။ သကဒါဂါမ် ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊
၈။ သကဒါဂါမိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊
၉။ သောတာပန် ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊
၁၀။ သောတာပတ္တိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊
၁၁။ သာသနာပအခါ ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီ ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊
၁၂။ သီလရှိသော ပုထုဇဉ် ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊
၁၃။ သီလ မရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ၏၊
၁၄။ တိရစ္ဆာန်အား အလှူကို ပေးလှူ၏၊
အာနန္ဒာ ထိုတစ်ဆယ့်လေးပါးသော အလှူတို့တွင်.(ဘ၀အရာ၊အထောင်ဖြစ်သည်။တစ်ရာ၊တစ်ထောင်မဟုတ်။)
တိရစ္ဆာန်အား အလှူကို ပေးလှူ၍ အလှူ၏ အကျိုး အဆ(ဘဝ)အရာ မချွတ်ဖြစ် လတ္တံ့။
သီလ မရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ၍ အလှူ၏ အကျိုးအဆ (ဘဝ) အထောင် မချွတ်ဖြစ် လတ္တံ့။သီလ ရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ၍အလှူ၏အကျိုးအဆ(ဘဝ)အသိန်းမချွတ် ဖြစ်လတ္တံ့။
သာသနာပအခါ ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီ ပုဂ္ဂိုလ်အား အလှူကို ပေးလှူ ၍ အလှူ၏ အကျိုးအဆ(ဘဝ)ပေါင်း ကုဋေအသိန်း မချွတ် ဖြစ်လတ္တံ့။
သောတာပတ္တိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်အား အလှူကို ပေးလှူ၍ မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အလှူ၏ အကျိုးမချွတ် ဖြစ်လတ္တံ့။သောတာပန်ပုဂ္ဂိုလ်အားအဘယ်ဆိုဖွယ်ရာရှိအံ့နည်း။
သကဒါဂါမိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ် ရာ ရှိအံ့နည်း။
သကဒါဂါမ်ပုဂ္ဂိုလ်အား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။အနာဂါမိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။အနာဂါမ်ပုဂ္ဂိုလ်အား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။
အရဟတ္တဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ် ရာ ရှိအံ့နည်း။
ရဟန္တာအား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။ပစ္စေကဗုဒ္ဓါအား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။
ပူဇော်အထူးကိုခံတော်မူထိုက်သော(အလုံးစုံသောတရားတို့ကို)ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရားအား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။ 379
 သံဃိက အလှူ ခုနစ်ပါးမျိုး...အာနန္ဒာ သံဃိက ဖြစ်သော အလှူတို့သည် ဤခုနစ်ပါးတို့တည်း။
အဘယ် ခုနစ်ပါးတို့ဟူမူ-
၁။ ဘုရား အမှူးရှိသော နှစ်မျိုးသော ရဟန်းယောက်ျား ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊
၂။ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုပြီးသော် နှစ်မျိုးသော ရဟန်းယောက်ျား ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊
၃။ ရဟန်းယောက်ျား သံဃာအား အလှူကို ပေးလှူ၏၊
၎။ ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊
၅။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက် ရှိသော ရဟန်းယောက်ျားတို့ကို လည်းကောင်း၊ ရဟန်းမိန်းမတို့ကို လည်းကောင်း သံဃာမှ ညွှန်းချပါကုန်လော့ ဟု အလှူကို ပေးလှူ၏၊
၆။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက် ရှိသော ရဟန်းယောက်ျားတို့ကို သံဃာမှ ညွှန်းချပါ ကုန်လော့ ဟု အလှူကို ပေးလှူ၏၊
၇။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက် ရှိသော ရဟန်းမိန်းမတို့ကို သံဃာ
မှ ညွှန်းချပါ ကုန်လော့ ဟု အလှူကို ပေးလှူ၏၊
အာနန္ဒာ စင်စစ် အနာဂတ်ကာလ၌ ရဟန်းဟူသော အနွယ်မျှကို ဆောင်ကုန်သော သင်္ကန်း လည်ပင်း၌ ရောက်ကုန်သော သီလ မရှိကုန်သော ယုတ်မာသော တရား ရှိသူတို့သည် ဖြစ်ကုန်လတ္တံ့၊
ထိုသီလ မရှိကုန်သော သူတို့၌ သံဃာကို ရည်ညွှန်း၍ အလှူကို ပေးလှူကုန် လတ္တံ့၊ အာနန္ဒာ ထိုအခါ၌သော်လည်း သံဃိက အလှူကို မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အကျိုးရှိ၏ ဟု ငါဟော၏၊
အာနန္ဒာ မည်သည့် နည်းပရိယာယ်နှင့်မျှ သံဃိကဒါနထက် ပုဂ္ဂလိက ဒါနကို အထူးသဖြင့် အကျိုးများ၏ ဟု ငါမဟော။ 380
 အလှူ၏ စင်ကြယ်ခြင်း လေးမျိုး...အာနန္ဒာ အလှူ၏ စင်ကြယ်ခြင်းတို့သည် ဤလေးပါးတို့တည်း။
အဘယ် လေးပါးတို့နည်းဟူမူ-
၁။ လှူသူဘက်မှ စင်ကြယ်၍ အလှူခံသူဘက်မှ မစင်ကြယ်သော အလှူလည်း ရှိ၏။
၂။ အလှူခံသူဘက်မှ စင်ကြယ်၍ လှူသူဘက်မှ မစင်ကြယ်သော အလှူလည်း ရှိ၏။
၃။ လှူသူဘက်မှလည်း မစင်ကြယ်၊ အလှူခံသူဘက်မှလညှ်း မစင်ကြယ်သော အလှူလည်း ရှိ၏။
၎။ လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလညှ်း စင်ကြယ်သော အလှူလည်းရှိ၏။
၁။ အာနန္ဒာ လှူသူဘက်မှ စင်ကြယ်၍ အလှူခံသူဘက်မှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် သီလရှိ၏၊ စင်ကြယ်သော တရားရှိ၏၊ အလှူခံတို့သည် သီလ မရှိကုန်၊ ယုတ်ညံ့သော အကျင့်တရား ရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူဘက်မှသာ စင်ကြယ်၍ အလှူခံ သူဘက်မှ မစင်ကြယ်။
၂။ အာနန္ဒာ အလှူခံသူဘက်မှ စင်ကြယ်၍ လှူသူဘက်မှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် သီလ မရှိ၊ ယုတ်ညံ့သော အကျင့်တရားရှိ၏၊ အလှူခံသူတို့သည် သီလရှိ ကုန်၏၊ စင်ကြယ်သော တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် အလှူခံသူ ဘက်မှသာ စင်ကြယ်၍ လှူသူ ဘက်မှ မစင်ကြယ်။

၃။ အာနန္ဒာ လှူသူဘက်မှလည်း မစင်ကြယ်၊ အလှူခံသူဘက်မှလညှ်း မစင်ကြယ် သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည်လည်း သီလ မရှိ၊ ယုတ်ညံ့သော အကျင့်တရားရှိ၏၊ အလှူခံသူတို့သည်လည်း သီလ မရှိကုန်၊ ယုတ်ညံ့သော အကျင့်တရား ရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူဘက်မှလည်း မစင်ကြယ် အလှူခံသူဘက်မှလည်း မစင်ကြယ်။
၎။ အာနန္ဒာ လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလညှ်း စင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် လည်း သီလရှိ၏၊ စင်ကြယ်သော တရားရှိ၏၊ အလှူခံသူတို့သည်လည်း သီလ ရှိကုန်၏၊ စင်ကြယ်သော တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူ သည် လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလည်း စင်ကြယ်၏။
အာနန္ဒာ လေးပါးကုန်သော အလှူစင် ကြယ်ခြင်းတို့သည် ဤလေးပါးတို့ပင်တည်း ဟု မိန့်တော်မူ၏။
မြတ်စွာဘုရားသည် ဤတရားစကားကို ဟောတော်မူ၏၊ ကောင်းသော စကားကို ဆိုတော် မူတတ်သော မြတ်စွာဘုရားသည် ဤတရားကို ဟောတော် မူပြီးနောက် ဤဂါထာကို ဟောတော်မူ၏ - 381
 မည်သည့်အလှူသည် အကျိုးကြီးသနည်း...
''အကြင် သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့် ရအပ်သော ပစ္စည်းကို ကောင်းစွာ ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို အလွန် ယုံကြည်လျက် သီလ မရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် လှူသော ပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။
အကြင် သီလ မရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့်ရအပ်သော ပစ္စည်းကို မကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို မယုံကြည်ဘဲ သီလရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် အလှူခံသော ပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။
အကြင် သီလ မရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့် ရအပ်သော ပစ္စည်းကို မကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို မယုံကြည်ဘဲ သီလ မရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူကို ကြီးကျယ် ပြန့်ပြောသော အကျိုးရှိ၏ ဟု ငါ မဟော။
အကြင်သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့် ရအပ်သော ပစ္စည်းကို ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို အလွန် ယုံကြည်လျက် သီလရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် စင်စစ် ကြီးကျယ် ပြန့်ပြောသော အကျိုးရှိ၏ ဟု ငါဟော၏။
အကြင် ရာဂကင်းပြီးသော ပုဂ္ဂိုလ်သည် တရားသဖြင့် ရအပ်သော ပစ္စည်းကို ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို အလွန် ယုံကြည်လျက် ရာဂကင်းပြီးသော ပုဂ္ဂိုလ်တို့အား အလှူကို လှူ၏၊ ထိုအလှူသည် စင်စစ် ရာဂ မကင်းသော ပုဂ္ဂိုလ်တို့၏ အလှူဒါနတို့ထက် မြတ်၏ ဟု ငါဟော၏ ဟု မိန့်တော်မူ၏။ 382
၁၂ - ဒက္ခိဏာဝိဘင်္ဂသုတ်၊ ဝိဘင်္ဂဝဂ်၊ ဥပရိပဏ္ဏာသပါဠိတော်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
                       သာဓု... သာဓု... သာဓု...။
      ၂၀.၀၉.၂၀၁၂ နေ့ ။

Template by:

Free Blog Templates