ကောသမ္ဘီနိုင်ငံတော်သည် ဥတေနမင်း၏ စံမြန်းရာ နိုင်ငံတော် ဖြစ်သည်။ ထိုနိုင်ငံသည် သဒ္ဓါတရားရှိကြသော နာမည်ကျော် သူဌေးကြီး သုံးဦးတို့၏ သဒ္ဓါတရားပန်းရနံ့တို့ တလှိုင်လှိုင်မွှေးကြူသဖြင့် ဗုဒ္ဓစာပေသမိုင်း၌ ထင်ရှား၏။ သူဌေးကြီးသုံးဦးမှာ ဃောသက သူဌေး၊ ကုက္ကုဋသူဌေးနှင့် ပါဝါရိကသူဌေးများ ဖြစ်ကြ၏။ သုံးဦးလုံးသည် သောတာပန်ဖြစ်ကြသည့်ပြင် မိမိပိုင် ဥယာဉ်ခြံကျယ်ကြီး အသီးသီး၌ မွေ့လျော်ဖွယ်ကောင်းလှသော ခမ်းနားကြီးကျယ်လှသော သံဃာထောင်ချီ သီတင်းသုံးနိုင်သော ကျောင်းတိုက်ကြီးများကို တည်ဆောက်လှူဒါန်းထားကြ၏။ မိမိကျောင်းတိုက်တွင် ဘုရားရှင်နှင့် သံဃာတော်များ သီတင်းသုံးနေတော်မူခိုက် မိမိတို့အိမ်၌ပင် ဆွမ်းဝတ်တာဝန်ကိုယူကာ လှူဒါန်းကြ၏။
ကောသမ္ဘီတွင် သူဌေးကြီးများနှင့် ပြည်သူများက ပစ္စည်းလေးပါးဖြင့် တာဝန်ကျေလှ၍ ဘုရားရှင်နှင့် သံဃာတော်များ သီတင်းသုံးရသည်မှာ ငြိမ်းချမ်းလှ၏။ သို့သော် မမျှော်လင့်သော တစ်နေ့တွင် သုတ္တန် သင်တန်းဆရာ ရဟန်းတော် တစ်ပါးသည် ကုဋီအိမ်သာတွင် ရေကျန်အနည်းငယ် ထားခဲ့မိသည်ကို အကြောင်းပြုကာ ဝိနည်းသင်တန်းဆရာနှင့် အငြင်းပွါးသဖြင့် သံဃာငါးရာစီ နှစ်အုပ်စု ကွဲပြားခဲ့၏။ သံဃာနှစ်အုပ်စုသည် သိမ်ထဲတွင် ဥပုသ် အတူမပြုနိုင်လောက်အောင်ပင် နှစ်စု နှစ်ခြမ်းကွဲပြားခဲ့ရသည်။
ဘုရားရှင်ကိုယ်တိုင် အတိတ်သမိုင်းကြောင်းနှင့် သာဓက အမျိုးမျိုးတင်ပြပြီး အကြိမ်ကြိမ်ဆုံးမ ဖြန့်ဖြေသော်လည်း ထိုရန်ပွဲသည် လုံးဝ မငြိမ်းအေးနိုင်။ ဘုရားရှင်သည် ဆုံးမပြောဆိုရန် ခတ်ခဲလှသော တပည့်သာဝကများကို ငြီးငွေ့တော်မူသဖြင့် သပိတ်သင်္ကန်း တော်ကို ကိုယ်တိုင် ထမ်းလွယ်ကာ ကောသမ္ဘီကို ကျောခိုင်းလျက် အဖေါ်မပါဘဲ ကိုယ်တော်တစ်ပါးလည်းပင် ဖဲ့ကြွတော်မူခဲ့ပြီ။
အပူဒဏ်ကို ခံစားရသောသူသည် အအေးကို တောင့်တဘိသကဲ့သို့ မညီညွတ်သော တပည့်များကို စွန့်ခွါခဲ့သော ဘုရားရှင်သည် ညီညွတ်သော တပည့်များကို တွေ့မြင်ချီမြှောက်လို၍ ကောသမ္ဘီနိုင်ငံ၏ အရှေ့ဘက် ဝါးရုံတော ဥယာဉ်ကြီးတွင် သီတင်းသုံးကြသည့် မထေရ်မြတ်သုံးပါးထံသို့ ကြွရောက်တော်မူခဲ၏။ ထိုဥယာဉ်ကို စောင့်သော ဥပသကာသည် ဘုရားရှင်မှန်း မသိ၍ ဝင်ခွင့် မပေးဘဲ တားမြစ်သော စကားသံကို အရှင်အနုရုဒ္ဓါ ကြားခဲ့ရသဖြင့် လှမ်းကြည့်ရာ ဘုရားရှင်ကိုမြင်တော်မူသဖြင့် ဝင်ခွင့်ပြုရန် ပြောဆို၏။
ထိုအရှင်မြတ်သည် ဘုရားရှင်ကို ထွက်ကြိုရန် ပြင်ဆင်တော်မူသည်။ သူတစ်ပါးတည်း သွားရောက်ကြိုဆိုလျင် မျက်နှာလို မျက်နှာရ ပြုလုပ်ရာရောက်သွားနိုင်သည်။ ရဟန်းတော်သုံးပါး ညီညွတ်စွာ နေထိုင်ကြသည်ဖြစ်၍ တစ်ပါးတည်း ထွက်ကြိုလျင် ညီညွတ်ခြင်းလည်း မမည်။ သို့ဖြစ်၍ ညီညွတ်ခြင်းကို ပြသသည့် အနေဖြင့် အခြားရဟန်းတော် နှစ်ပါး ဖြစ်ကြသည့် အရှင်နန္ဒိယနှင့် အရှင်ကိမိလတို့အား ဘုရားရှင်ကြိုလာနေသဖြင့် ဆရာဘုရားရှင်အား အတူကြိုဆိုနိုင်ရန် အလျင်အမြန် ခေါ်ဆောင်ကာ သင်္ကန်းလှမ်းယူသူကယူ၊ သပိတ်လှမ်းယူသူကယူ၊ ခြေတော်ကို ဆေးပေးသူက ဆေးပေး၊ နေရာခင်းသူကခင်း၍ ညီညွတ်စွာပင် အလိုက်သိသဖြင့် ဆောက်ရွက်ကြလျက် ဝတ်ပြုတော်မူကြလေသည်။
အရှင်မြတ်သုံးပါး သီတင်းသုံးတော်မူသည့် ဝါရုံတောဥယာဉ်ကျောင်းများသည် တောရကျောင်းများပင် ဖြစ်ပုံရသည်။ ကျောင်းက သုံးဆောင် တစ်ပါးလျှင်တစ်ဆောင်စီဖြင့် သီတင်းသုံးတော်မူကြသည်။ ဥယာဉ်ခြံကျယ်ကြီးမှာ လေတိုက်သံမှ လွဲ၍ ဆိတ်ငြိမ်အေးမြလှပေမည်။ ဘုရားရှင် အကြိုက်နေရာမျိုးဖြစ်မည်မှာ သေချာ၏။ ဘုရားစသော သူတော်စင်များသည် ဆိတ်ငြိမ်သောနေရာကို မြတ်နိုးတော်မူကြသည်မှာ ဓမ္မတာပင် မဟုတ်ပါလော။
ဘုရားရှင်သည် ခင်းထားသောနေရာတွင် သီတင်းသုံးတော်မူလျက် ကျန်းမာရေး မျှမမျှ၊ ဆွမ်းဝတ်ပြည့်စုံ မပြည့်စုံ၊ အလ္လာပသလ္လပ စကားတော်ဖြင့် မြွက်ကြားမေးမြန်းတော်မူ၏။ ထို့နောက် ညီညွတ်ခြင်း ရှိမရှိ၊ ချစ်ခင်သော မျက်လုံးအစုံတို့ဖြင့် ကြည့်ရှုနိုင်မူကော ရှိမရှိဟူသော အမေးစကားကို ဆက်လက်မေးမြန်းတော်မူသည်။
အရှင်အနုရုဒ္ဓါမထေရ်မြတ်က ဦးဆောင်ကာ ကျန်းမာကြောင်း ဆွမ်းဝတ်ပြည့်စုံကြောင်းအပြင် နို့နှင့်ရေ ရောစပ်ထားသလို မကွဲမပြား တစ်သားတည်းရှိပါကြောင်း၊ ငြင်းခုံခြင်းမရှိကြပါကြောင်းနှင့် ချစ်ခင်သော မေတ္တာမျက်လုံးတို့ဖြင့် အေးချမ်းစွာ ကြည့်ရှုနိုင်ပါကြောင်းကို လျှောက်ထားလေသည်။ ဘုရားရင်က ဘယ်ပုံဘယ်နည်းဖြင့် ညီညီညွတ်ညွတ် နေကြသနည်းဟု မေးမြွက်တော်မူရာတွင် အရှင်မြတ်က ဤငြိမ်းချမ်းသော တောတွင် ဤကဲ့သို့ မိတ်ဆွေရဟန်းတော် နှစ်ပါးနှင့် အတူနေခွင့်ရသော တပည့်တော်သည် အလွန့်အလွန်ကံကောင်းလွန်းလှပါသည်ဟု ခံယူပါသည်။
တပည့်တော်သည် တပည့်တော်၏ မိတ်ဆွေနှစ်ပါး အပေါ်မှာ မေတ္တာပါသော ကိုယ်အမူအရာ၊ မေတ္တာပါသော အပြော၊ မေတ္တာပါသော အတွေးများဖြင့် ရှေ့မှာသော်လည်းကောင်း၊ ကွယ်ရာမှာသော်လည်းကောင်း ကျင့်ဆောင်ပါသည်ဟု လျှောက်ထားလေသည်။
တပည့်တော်သည် မိမိဖြစ်ချင်သော မိမိ၏အလိုဆန္ဒကို ဦးစားမပေးဘဲ၊ တပည့်တော်၏ ထိုမိတ်ဆွေနှစ်ပါး၏ အလိုဆန္ဒအတိုင်း ဦးစားပေးကာ ကျင့်ဆောင်နေပါသည်ဟု ဆက်လျှောက်ထားသည်။ တပည့်တော်တို့ သုံးပါးသည် ကိုယ်ခန္ဓာအားဖြင့် သုံးဦးကွဲနေသော်လည်း စိတ်အနေအထားမှာ တစ်စိတ်တည်းဖြစ်ကြပါသည်ဟု ထပ်ဆင့်လျှောက်ထားပြန်သည်။ ကျန်သောမိတ်ဆွေရဟန်းနှစ်ပါးသည်လည်း ထိုပထမရဟန်းတော် လျှောက်ထားသကဲ့သို့ မကွဲမပြား ထိုစကားအတိုင်းပင် ထပ်မံ၍ တစ်ပါးစီလျှောက်ထားကြပြန်သည်။
ညီညွတ်ခြင်းအရသာသည် အဘယ်မျှ ငြိမ်းချမ်းလိမ့်မည်နည်း။ ဖတ်ရရုံဖြင့်ပင် ရင်ထဲတွင် အေးချမ်းမှုရှိလှပေသည်။ ဆက်လက်၍ ဘုရားရှင်က “ချစ်သား အနုရုဒ္ဓါ သင်တို့သည် အပ္ပမာဒသတိကို လက်ကိုင်ထားကာ ပြင်းထန်သော လုံ့လဝီရိယဖြင့် နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်မျိုးနှင့်ကော နေထိုင်ကြ၏လော”ဟု လည်း မေးမြန်းတော်မူလေ၏။ အရှင်အနုရုဒ္ဓါက နေထိုင်ပါကြောင်း လျှောက်ထားပြန်၏။ ဘုရားရှင်က ဘယ်ပုံဘယ်နည်းဖြင့် နေထိုင်ကြသနည်းဟု ဆက်လက်မေးသည်ကို အရှင်အနုရုဒ္ဓါမထေရ်မြတ်က တပည့်တော်တို့ သုံးပါးမှာ ဆွမ်းခံရွာမှ အဦးဆုံးပြန်ကြွသော ပုဂ္ဂိုလ်က ခြေဆေးရေခပ်ထားခြင်း၊ ဆွမ်းအပိုထည့်ရန် ဆွမ်းအုပ်ခွက်ကို အဆင်သင့်ထားပေးခြင်း၊ သောက်ရေ သုံးရေခပ်ထားခြင်းများကို ဆောင်ရွက်ကာ ဝမ်းမျှတရုံ ဆွမ်းဘုဉ်းပေးတော်မူပါသည်။ ဆွမ်းခံနောက်ကျ၍ ပြန်ရောက်သော ရဟန်းတော်က ဆွမ်းဦးဆွမ်းပိုထည့်ထားသော ဆွမ်းအုပ်ခွက်ထဲမှ ဆွမ်းကို လိုအပ်လျင် ဘုဉ်းပေးသုံးဆောင်ပါသည်။ ဘုဉ်းပေးသုံးဆောင်ပြီးနောက် ဆေးကြောစရာများ၊ သိမ်းဆည်းစရာများကို သိမ်းဆည်းခဲ့ပါသည်။
သောက်ရေအိုး၊ သုံးရေအိုး၊ ကုဋီအိမ်သာ၊ သန့်စင်သုံး ရေအိုးများတွင် ရေမရှိသည်ကိုတွေ့မြင်ပါက မြင်သောပုဂ္ဂိုလ်က ရေခပ်၍ ထည့်ပေးထားပါသည်။ တစ်ဦးတည်းမနိုင်ပါက အသံမပြုဘဲ လက်ယပ်ခေါ်ကာ အတူသယ်ဆောင်၍ တည်ထားကြပါသည်။ တပည့်တော်များသည် ငါးရက်တစ်ကြိမ် ညလုံးပေါက် တရားနာ တရားစာပေဆွေးနွေးကြပါသည်ဟု လျှောက်ထားလေသည်။
ထိုအရှင်မြတ်တို့၏ ငြိမ်းချမ်းသော နေနည်း၊ မမေ့သော သတိ၊ ကြီးမားသော ဝီရိယ၊ နိဗ္ဗာန်သို့ကိုင်းညွတ်မှု ရှိသောစိတ်ထားတို့ကို အနီးကပ် ရှုမြင်သုံးသပ်မိသော ဆရာအရှင် မြတ်စွာဘုရား၏ စိတ်တော်မြတ်သည်လည်း ရေတွေ့သော ပဒုမ္မာကြာပန်းကဲ့သို့ လန်းဆန်းတော်မူမည်မှာ အသေအချာပင်ဖြစ်မည်။
ပူလောင်မှုနှင့် အေးချမ်းမှုသည် အဘယ်မျှကွာခြားလေဘိသနည်း။ ပူလောင်မှုဒေါသသည် ဘုရားရှင်သို့တိုင် ဒုက္ခပေးခဲ့လေ၏။ ဘုရားရှင်ကိုပင် ဒုက္ခရောက်စေ၏။ အေးချမ်းမှုမေတ္တာရိပ်သည်လည်း ဘုရားရှင်ကိုပင်သော်မှ ပိုမိုပြီး စိတ်ရောကိုယ်ပါ ချမ်းသာစေတော်မူ၏။ ဘုရားရှင်သည် ကိုးဝါမြောက်ဝါတော်ကို ကောသမ္ဘီနိုင်ငံတွင် ဝါကပ်ဆိုတော်မူခဲ့လေ၏။ ထိုနိုင်ငံတွင် တစ်ဝါဆိုတော်မူခဲ့ရာ ဘုရင့်မိဘုရား မာဂဏ္ဍီ၏ ရက်စက်စွာ စော်ကားပြစ်မှားမှု၊ ပုထုဇဉ်ရဟန်းတော် တပည့်သံဃာ တစ်ထောင် နှစ်ခြမ်းကွဲကာ ရန်ပွဲ အဓိကရုဏ်း ဖြစ်မှုတို့ဖြင့် ဆိုးဝါးလှသော လောကဓံကို တိုက်ပွဲဝင်သော စစ်ဆင်ပြောင်ပမာ ကြံ့ကြံ့ခံတော်မူခဲ့ရသည်။
ထိုကဲ့သို့ ပူလောင်ဆူပွက်မှုများကို ရှောင်လွှဲတော်မူကာ အေးချမ်းညီညွတ်သော တပည့်များကို တွေ့မြင်ချီးမြှောက် တရားဟောပြီးနောက် ဆယ်ဝါမြောက်ဝါတော်ကို ပါလိလေယျက ရွာအနီး ရက္ခိတတောအုပ်တွင် ပလလဲဆင်မင်း၏ ပြုစုစောင့်ရှောက်မှုကို ချီးမြှောက်တော်မူကာ ကိုယ်တော်တစ်ပါးတည်းပင် ဝါဆိုခဲ့ရပေသည်။
ဘုရားရှင်အား ဒုက္ခပေးခဲ့ကြသော ပုထုဇဉ် သံဃာတော်တစ်ထောင်တို့အား ကောသမ္ဘီပြည်သူများက ဆွမ်းရိက္ခာဖြတ်တောက် အိုးမှောက် သပိတ်ပွဲဆင်နွှဲလျှက် ဒေါသကို ပြေငြိမ်းစေခဲ့ကြ၏။ ထိုပုထုဇဉ် သံဃာတစ်ထောင်သည် ဝါကျွတ်ပြီးနောက် ဘုရားရှင်သီတင်းသုံးရာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ကြွရောက်ကာ ဘုရားရှင်အား ညီညွတ်စွာပင် တောင်းပန်ဝန်ချ ကန်တော့ခဲ့ကြသည်။ ဒေါသအမျက်ပြေငြိမ်းသော အခါ၌ ထိုသံဃာများသည် အလွန်ရှက်နိုးလှ၍ မျက်နှာကို မပြရဲလောက်အောင်ပင် ခံစားကြရသည်။ အာဃာတ မာနတရားဆိုးတို့၏ ဝင်ရောက်ပူးကပ်နှိပ်စက်ခံခဲ့ကြသဖြင့် ဘီလူး၊ တစ္ဆေ၊ သရဲ ပူးဝင်ခံရသူများပမာ ဒုက္ခရောက်ခဲ့ကြခြင်းသာဖြစ်၍ သနားဖွယ်ရာအဖြစ် ရှုမြင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဤမျှဆိုးဝါးလှသော ဒေါသ၊ အာဃာတ၊ မာနစသော တရားဆိုးများ ကို မိမိစိတ်အတွင်းမဝင်နိုင်အောင် သတိပညာဖြင့် တားဆီးရပေမည်။ အခန့်မသင့်၍ ဝင်လာခဲ့ပါမူ မြန်မြန် မောင်းထုတ်ပစ်ရပေလိမ့်မည်။
အကောင်းဆုံး မောင်းထုတ်နည်းမှာ ပုဂ္ဂိုလ်အမြင်ဖြင့် မသုံးသပ် မရှုမြင်ဘဲ နာမ်သဘောအဖြစ် ရှုမြင်ကာ ဝိပဿနာဥာဏ်ဖြင့် ဖြစ်ပျက်ရှုမှတ်၍ မောင်းထုတ်နိုင်လျှင် ပိုမို၍ ကောင်းမွန်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။
တင်ပြခြင်း= သစ္စာပါရမီဆရာတော်(စင်္ကာပူနိုင်ငံ)
ဒီနေရာမှ ကူးယူဖော်ပြပါသည်